ဟွန်ဒူးရပ်စ်သမ္မတအဖြစ် လက်ရှိသမ္မတဟာန်ဒက်ဇ် ထပ်မံအရွေးချယ်ခံရ

ဟွန်ဒူးရပ်စ်သမ္မတအဖြစ် လက်ရှိသမ္မတဟာန်ဒက်ဇ် ထပ်မံအရွေးချယ်ခံရ

 

တီဂူစီဂယ်လ်ပါ၊ ဒီဇင်ဘာ ၁၈ ။              ။ လွန်ခဲ့သော နိုဝင်ဘာလ ၂၆ ရက်နေ့က ပြန်လည်ကျင်းပခဲ့သည့် အထွေထွေရွေးကောက်ပွဲမှ ဆန္ဒမဲပေးလွှာများ ကို ရေတွက်ခဲ့အပြီးတွင် လက်ရှိသမ္မတ ဟွမ်အော်လန်ဒိုဟာနန်ဒက်ဇ်က အနိုင်ရရှိခဲ့ကြောင်း ဟွပ်ဒူးရပ်နိုင်ငံ တော်ရွေးကောက်ပွဲခုံရုံးချုပ် (TSE) က တနင်္ဂနွေနေ့၌ ကြေညာခဲ့သည်။

TSE ၏ အကြီးအကဲဖစ်သူ ဒေးဗစ်မာတာမိုရော့စ်က နိုင်ငံတော်ရေဒီယိုနှင့် ရုပ်သံဌာနမှတဆင့် အနိုင်ရလာဒ်ကို ကြေညာခဲ့ခြင်းဖြစ်ပြီး လက်ရှိအာဏာရပါတီဖြစ်သော အမျိုးသားပါတီသည် ဥပဒေပြုလွှတ်တော်ထိုင်ခုံ ၁၂၈ နေရာခန့် အသာရပြီးအနိုင်ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

TSE ၏အဆိုအရ ဟာနန်ဒက်ဇ်သည် မဲရလာဒ် ၄၂.၉၅ ရာခိုင်နှုန်းခန့်ရရှိခဲ့ပြီး သူ၏အဓိကပြိုင်ဘက်ဖြစ်သော အာဏာရှင်ကိုဆန့်ကျင်သည့် အတိုက်အခံမဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်လောင်း ဆယ်လ်ဗေဒေါနက်စ်ရယ် လာက ၄၁.၂၄ ရာခိုင်နှုန်းခန့် ရရှိခဲ့ကြောင်း သိရသည်။

နက်စ်ရယ်လာသည် မဲအရေအတွက်ကို တရားဝင်ပြန်လည်ရေတွက်ပြီး ရရှိလာမည့်ရလာဒ်ကို စောင့်ဆိုင်းနေ သူဖြစ်သလို ယခုရလာဒ်သည် အတုအယောင်ဖြစ်သောကြောင့် အသိအမှတ်မပြုကြောင်း ပြောဆိုခဲ့သည်။

TSE အဖွဲ့၏ ယခုလိုကြေညာချက်သည် ရွေးကောက်ပွဲကာလကတည်းက စတင်ပေါ်ပေါက်နေသည့် ဟာန်နန်ဒက်ဇ်ကိုဆန့်ကျင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့များကြား ထပ်တလဲလဲဖြစ်ပွားနေသည့် အကြမ်းဖက်မှု ဖြစ်စဉ်များကို အတောမသတ် ထိုးတက်သွားစေနိုင်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့နှင့် အတိုက်အခံများကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများကြောင့် လူပေါင်း ၃ ဦးခန့် သေဆုံးခဲ့ရ ကြောင်း ရဲတပ်ဖွဲ့ဘက်မှ သတင်းထုတ်ပြန်ခဲ့သည်။ သို့သော်လည်း လူပေါင်း ၂၀ ခန့်သေဆုံးခဲ့သည်ဟု အတိုက်အခံများက ပြောဆိုခဲ့သလို ၁၄ ဦးခန့်သေဆုံးခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာရေးအဖွဲ့ က  အသီးသီးထုတ်ပြန်ထားကြသည်။

လက်ရှိအချိန်တွင် နိုင်ငံတစ်ဝန်း၌ အထွေထွေသပိတ်မှောက်ကြရန် အတိုက်အခံမဟာမိတ်အဖွဲ့က တောင်းဆိုထားသောကြောင့် ဟွန်ဒူးရပ်စ်နိုင်ငံတစ်ဝန်း၌ ဟာနန်ဒက်ဇ်ကို ဆန့်ကျင်သူများက ဆန္ဒပြနေကြ သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly