မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ အကြံပြုချက်များ ကာတာစင်တာမှ ထုတ်ပြန်

မြန်မာ့ရွေးကောက်ပွဲဆိုင်ရာ အကြံပြုချက်များ ကာတာစင်တာမှ ထုတ်ပြန်

သြဂုတ် ၂၀ ရက် ။          ။ နိုဝင်ဘာရွေးကောက်ပွဲ အားလေ့လာစောင့်ကြည့် ခွင့်ရထားသည့် ကာတာစင်တာမှ ရွေးကောက်ပွဲဖြစ်စဉ်ဆိုင်ရာ ဒုတိယအစီရင်ခံစာထွက်ပေါ်လာပြီဖြစ်သည်။

ကာတာစင်တာ နိုင်ငံရေးအသွင်ကူးပြောင်းမှု စောင့်ကြည့်လေ့လာရေး မစ်ရှင်၏ ၂၀၁၅ ခုနှစ် မေလမှ ဇူလိုင်လအထိ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်း ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ရန်ကုန်တိုင်းများတွင် ဆောင်ရွက်ခဲ့သော တွေ့ဆုံမေးမြန်းမှုများနှင့် ကွင်းဆင်းလေ့လာမှု များအပေါ်အခြေခံထားသော ကနဦးတွေ့ရှိချက်များကို အနှစ်ချုပ် တင်ပြထားခြင်းဖြစ်သည်။

သြဂုတ် ၁၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာအတွင်း၌ အစိုးရ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၊ နိုင်ငံရေးပါတီများအနေဖြင့် ဆောင်ရွက်သင့်သည်များကို အကြံပြုထားသည်။

ယခု အစီရင်ခံစာသည် ၂၀၁၄ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၅ ဖေဖေါ်ဝါရီလအတွင်း စောင့်ကြည့်လေ့လာမှုများအပေါ်တွင်လည်း အခြေခံထားသည်။

ရွေးကောက်ပွဲမူဘောင်၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်ထားရှိမှုများနှင့် နိုင်ငံရေးအနေအထား တို့ကို ဆန်းစစ်အကဲဖြတ်နိုင်ရန် အလွှာစုံ၊ ကဏ္ဍစုံနှင့် တွေ့ဆုံခဲ့သည်။ နိုင်ငံတကာတာဝန်ဝတ္တရားများနှင့် စံနှုန်းများပေါ်တွင် အခြေခံထားသည်ဟုသိရသည်။

ရွေးကောက်ပွဲဖြစ်စဉ်တွင် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများအား အသိအမှတ်ပြုပေးသည့် လုပ်ထုံးလုပ်နည်းများ အား အပြီးသတ်ဆောင်ရွက်နိုင်ခဲ့သည်ကို အရေးကြီးသောအဆင့်များမှ တစ်ခု အဖြစ် အစီရင်ခံစာ၌ ဖော်ပြထားသည်။

သို့သော် လေ့လာစောင့်ကြည့်ရေး အသိအမှတ်ပြုစာရွက်စာတမ်းများတွင် ပါဝင်သည့် အသေးစား ချို့ယွင်းချက်များသည် ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူအဖြစ်မှ ငြင်းပယ်နိုင်သည့် အခြေခံ အကြောင်းရင်းများ မဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနှင့် ပြည်တွင်းမှရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများနှင့် ပူးတွဲဆောင်ရွက်သင့်သည်ဟု အကြံပြုသည်။

ရွေးကောက်ပွဲဖြစ်စဉ် အဆင့်တိုင်းအား အနှောင့်အယှက်မရှိ လေ့လာစောင့်ကြည့်နိုင်ရန်အတွက် အာမခံပေးသင့်ပြီး၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူများအနေဖြင့် ၎င်းတို့လေ့လာစောင့်ကြည့်သင့် သည့်နေရာများကို ဆုံးဖြတ်ရာတွင် လည်း ၎င်းတို့ဆန္ဒအလျောက် ပြောင်းလွယ်ပြင်လွယ် ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်သည်ဟုဆိုသည်။

လုပ်ငန်းစဉ်၏ ပွင့်လင်းမြင်သာမှုကို သေချာစေရန် အားလုံးသော ကြိုတင်မဲများကို အပြည့်အဝ လေ့လာစောင့်ကြည့် နိုင်သင့်ကြောင်းဖော်ပြသည်။

အငြင်းပွားမှု ဖြေရှင်းသည့်စနစ်၏ ထိရောက်မှု၊ လွတ်လပ်၍ အမှီအခိုကင်းမှုနှင့် အများပြည်သူတို့၏ ယုံကြည်စိတ်ချမှုတို့ ပိုမိုအားကောင်းလာစေရန် ပြည်သူများအား သတင်းအချက်အလက်များ ထုတ်ပြန်ပေးခြင်းနှင့် တိုင်ကြားမှုများကို သေချာ စုံစမ်းစစ်ဆေးပြီး အချိန်မှီတုန့်ပြန်ပေးခြင်းဖြင့် ပိုမိုခိုင်မာအားကောင်းလာစေရန် လုပ်ဆောင်နိုင်သည်ဟုအကြံပြုသည်။

ရွေးကောက်ပွဲလွန်ကာလ အငြင်ပွားမှုများအတွက် ရွေးကောက်ပွဲခုံအဖွဲ့များ ဖွဲ့ရာတွင်လည်း လွတ်လပ်ပြီး အမှီအခိုကင်း သည့် ပညာရှင်များကို ခန့်အပ်နိုင်ရန် အရပ်ဘက်လူမှု အဖွဲ့အစည်းများနှင့်နိုင်ငံရေး ပါတီများထံမှ အကြံဉာဏ်များရယူ သင့်ပြီး၊ တိုင်ကြားမှုများအားလုံးကို အချိန်မှီတုန့်ပြန်ပေးရန် လိုအပ်သည်ဟုဆိုသည်။

နိုင်ငံသားအဖြစ် စစ်ဆေးမှုများကို အချိန်မီ မျှတ၍ ပွင့်လင်းမြင်သာမှုရှိသည့် ပုံစံဖြင့် လုပ်ဆောင်သင့်ပြီး အာဏာပိုင် အဖွဲ့အစည်းများအနေဖြင့်လည်း အထူးသဖြင့် ဘာသာရေးနှင့် တိုင်းရင်းသား လူနည်းစု များ၏ ဆန္ဒမဲပေးခွင့်ဆုံးရှုံးမှုမဖြစ်ရန် မည်သည့်နည်းလမ်းများကိုမဆို လုပ်ဆောင်ပေးသင့်သည်ကို အစိုးရအား အကြံပြုထားသည်။

အစိုးရသည် လွတ်လပ်စွာနှင့် တန်းတူညီမျှ မဲဆွယ်စည်းရုံးနိုင်ရန် လုပ်ဆောင်ပေးသင့်ပြီး နိုင်ငံရေးပါတီများနှင့် လေ့လာ စောင့်ကြည့်သူများအား အစိုးရကသော်လည်းကောင်း၊ လုံခြုံရေးအဖွဲ့အစည်းများ ကသော်လည်းကောင်း၊ ဝင်ရောက် စွက်ဖက်ခြင်းနှင့် စောင့်ကြည့်ခြင်းများ မပြုစေရန် ဆောင်ရွက်ပေးသင့်သည်ဟုဆိုထားသည်။

ထို့ပြင် နိုင်ငံရေးပါတီများလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းကို နိုင်ငံရေးပါတီများက လက်မှတ်ရေးထိုးခဲ့ကြခြင်းကိုလည်း အရေးကြီးသည့်အဆင့်အဖြစ် သတ်မှတ်ထားသည်။ ယင်းတွင်ပါဝင်သော ကတိက ဝတ်များနှင့် သတင်းအချက်အလက် များကို ပါတီဖွဲ့စည်းပုံအဆင့်တိုင်းနှင့် ပါတီထောက်ခံသူများ၊ အများပြည်သူများထံသို့ဖြန့်ဖြူးမျှဝေပေးသင့်ဟုဖော်ပြသည်။

နိုင်ငံရေးပါတီများသည် ကျင့်ဝတ်စည်းကမ်းတွင်ပါဝင်သည့် ကတိကဝတ် စည်းကမ်းများကို လေးစားလိုက်နာရာတွင် ဘာသာရေးနှင့် လူမျိုးရေးအရ ခွဲခြားဆက်ဆံသည့် အသုံးအနှုန်းများကို အသုံးပြုခြင်း မှရှောင်ကျဉ်ရန်လည်း ပါဝင်သည်။

ရွေးကောက်ပွဲနှင့် ဆက်စပ်ပြီး လွတ်လပ်စွာသတင်းယူရေးသားနိုင်ရန် အစိုးရအရာရှိများထံသို့ သတင်းစာဆရာများ၏ လက်လှမ်းမှီမှုကို မြှင့်တင်ပေးသင့်သည်ဟု အကြံပြုထားသည်။ ထို့ပြင် အသရေဖျက်မှု အပါအဝင် သတင်းစာဆရာများ အပေါ် အခြားသောဥပဒေကြောင်းအရ အရေးယူမှုများကို ကြိုတင်၍သော်လည်းကောင်း၊ အပြစ်ပေးသည့်အနေဖြင့် အသုံးပြုခြင်းကို လည်းကောင်းရှောင်ကျဉ်သင့် သည်ဟု ဆိုသည်။

ရွေးကောက်ပွဲအောင်မြင်မှုသည် အားလုံးမျှဝေရမည့် တာဝန်ယူမှုဖြစ်ကြောင်း အသိအမှတ်ပြုသည့်အနေဖြင့် အစိုးရသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အခြားသောဌာနများ ကိုရွေးကောက် ပွဲကော်မရှင်ခွဲများနှင့် ပို၍တက်ကြွစွာ ပူးပေါင်း ဆောင်ရွက်ရန် ညွှန်ကြားသင့်သည်ဟု ဖော်ပြထားသည်။

ကာတာစင်တာသည် ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံမှ ဖိတ်ကြားချက် လက်ခံခဲ့ပြီး လေ့လာစောင့်ကြည့်ခြင်းတာဝန်ကို သြဂုတ်လအစပိုင်းတွင် စတင်ခဲ့သည်။ စင်တာသည် မြန်မာနိုင်ငံတွင်း နိုင်ငံရေးအသွင်ကူးပြောင်းမှုရေးရာများကို ၂၀၁၄-ခုနှစ် နိုဝင်ဘာလမှစ၍ လေ့လာစောင့်ကြည့်လျှက်ရှိသည်။

ကာတာစင်တာသည် ၁၉၈၉ ခုနှစ်မှ စတင်၍ ရွေးကောက်ပွဲ ၁၀၀ ကို နိုင်ငံ ၃၈ နိုင်ငံတွင် လေ့လာစောင့်ကြည့်ခဲ့သည်။ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးများနှင့်အညီ ဒီမိုကရေစီ နည်းကျရွေးကောက်ပွဲ များနှင့် အုပ်ချုပ်မှုစနစ် တိုးပွားလာစေရန် လုပ်ဆောင်နေပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly