ရှစ်လေး လုံးပါတီ ယခုရက်ပိုင်းအတွင်း ပါတီမှတ်ပုံတင်မည်

ရှစ်လေး လုံးပါတီ ယခုရက်ပိုင်းအတွင်း ပါတီမှတ်ပုံတင်မည်

ရန်ကုန် ဒီဇင်ဘာ ၁၇ ။         ။ ၈၈ မျိုးဆက်ကျောင်းသားများ ပါ၀င်သည့် နိုင်ငံရေးပါတီ၏ ပါတီအမည်ကို" ရှစ်လေးလုံးပါတီ " ဟု အတည်ပြုဆုံးဖြတ်ပြီးနောက် ပါတီ မှတ် ပုံတင်ကိစ္စများကို ယခု ရက်ပိုင်းအတွင်း အမြန်ဆုံး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၈၈ မျိုးဆက် ဦးကိုကိုကြီးက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယကျောင်း တိုက်တွင် ပြုလုပ်ခဲ့သည့် နိုင်ငံရေးပါတီဖြစ်မြောက် ရေးကော်မတီ ဒုတိယအကြိမ်အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။

" ပါတီမှတ်ပုံတင်ခြင်းကိစ္စကို ကျွန်တော်တို့က ဒီနှစ် ကုန်ဆိုတာ တစ်ကယ်တော့ ဒီလကုန်ပါ၊ ဒီလကုန် အတွင်းမှာ ကျွန်တော်တို့ဆောင်ရွက်သွားမယ်လို့ လျာထား ပြင်ဆင်ထားတာတွေ ရှိပါတယ်၊ ဒါ ကြောင့် ဒီလမကုန်ခင်အတွင်းမှာ ပါတီမှတ်ပုံတင် မှာ ဖြစ်ပါတယ်" ဟု ဦးကိုကိုကြီးက ပြောသည်။

ရွေးကောက်ပွဲကော်မရှင်ကို ပါတီမှတ်ပုံတင်သည့် အခါ ရက်ပေါင်း ၉၀ ကြာမြင့်မည်ဖြစ်သည့်အတွက် ၂၀၁၈ ခုနှစ်၊ ၃ လပိုင်း၊ ၄ လပိုင်းများတွင် ပါတီ မှတ်ပုံတင်ကျမည်ဟု ခန့်မှန်ကြောင်း ၄င်းက ဆက် ပြောသည်။

ထို့ပြင် ပါတီ၏မူဝါဒပိုင်းတွင် ဖယ်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးဆိုသည့်အခြေခံသဘောတရား ကို ဦးစားပေးထည့်သွင်းထားသည်ဟု ၄င်းက ဆက် ပြောသည်။

" ပါတီရဲ့အခြေခံကျတဲ့ပါတီမူဝါဒပိုင်းမှာ ကျွန်တော် တို့ထိပ်တန်းက ထည့်ထားတဲ့အချက်က ဒီမိုကရက် တစ် ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ၊ ဒါဟာ ရှစ်လေးလုံးငွေရတုအခမ်းအနားမှာ ချမှတ် ခဲ့တဲ့ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်၊ ဒီဆုံးဖြတ်ချက်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ ဒါကို ပထမ ဦးစားပေးအဖြစ်နဲ့ ရေးဆွဲဖော်ပြထားပါတယ်၊ ဒါဟာ ကျွန်တော်တို့နိုင်ငံရဲ့ငြိမ်းချမ်းရေးကိစ္စ ဖွံ့ဖြိုးတိုး တက်ရေးကိစ္စနဲ့တိုက်ရိုက် စပ်ဆက်ပါတယ်" ဟု ဦးကိုကိုကြီးက ဆက်ပြောသည်။

ယနေ့ အစည်းအဝေးတွင် ရှစ်လေးလုံးပါတီ၏ အမည်၊ အလံ၊ အမှတ်တံဆိပ်နှင့် မူဝါဒလုပ်ငန်း စဉ်များကို ဆွေးနွေးအတည်ပြုခဲ့သည်။ ပါတီ တံဆိပ်မှာ ၈ ဂဏန်း ၄ လုံးကို အပေါ် ၂ လုံး၊ အောက် ၂ လုံး အနီရောင်နောက်ခံဖြင့် ပုံဖော် ထားပြီး ရှစ်လေးလုံးလူထုအရေးတော်ပုံကြီးကို ရည်ညွှန်းဖော်ပြထားကြောင်း သိရသည်။

ရှစ်လေးလုံးပါတီတွင် ၈၈ မျိုးဆက်ကျောင်းသား များ အဓိကပါဝင်သော်လည်း လူငယ်နှင် အမျိုး သမီးများ၏ နိုင်ငံရေးအခန်းကဏ္ဍများကို မြှင့်တင် ခြင်းများ ဆောင်ရွက်သွားမည်ဟု ၈၈ မျိုးဆက် ဦးမင်းဇေယျာက ပြောသည်။

" ကျွန်တော်တို့ရဲ့ရည်မှန်းချက်တွေထဲမှာ လူငယ် နှင့်အမျိုးသမီးတွေ အခန်းကဏ္ဍမြှင့်တင်ရေး၊ စွမ်း ရည်မြှင့်တင်ရေးကလည်း အဓိကအချက်မှာ ပါပါ တယ်၊ ဒီနေရာမှာ ကျွန်တော်တို့က လူငယ်တွေနဲ့ အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ဆိုတဲ့စကား လုံးထက် နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင် နိုင်မှုအထိ ကျွန်တော်တို့ရည်မှန်းထားပါတယ်၊ အဲဒီ အတွက် လိုအပ်တဲ့ပံ့ပိုးမှုတွေ၊ ကူညီမှုတွေ၊ လက် ကမ်းကြိုဆိုမှုတွေ အပြည့်အဝပူးပေါင်းဆောင်ရွက် သွားမှာပါ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာ နိုင်ငံရေးမျိုးဆက်တွေ ပြတ်နေတာ ကြာပါ ပြီ၊ ကျွန်တော်တို့ကိုယ်တိုင်တောင်မှ နိုင်ငံရေးကို စနစ်တကျသင်ယူခွင့်မရခဲ့ပဲနဲ့ ယုံကြည်ချက်အရ သမိုင်းရဲ့လိုအပ်ချက်အရ လုပ်ဆောင်ခဲ့ရတာ" ဟု ရှစ်လေးလုံးပါတီမှ ဦးမင်းဇေယျာက ပြောသည်။

ယင်းပါတီဖြစ်မြောက်ရေးအတွက် ဗဟိုဦးဆောင် ကော်မတီတာဝန်ခံအဖြစ် ဦးကိုကိုကြီးက တာဝန် ယူဆောင်ရွက်ခဲ့ပြီး၊ ဗဟိုဦးဆောင်ကော်မတီ အဖွဲ့ဝင်များအနေဖြင့် ဦးမင်းဇေယျာ၊ ဦးရဲနိုင်အောင်တို့ပါဝင်ပြီး၊ ၈၈ မျိုးဆက် ကျောင်း သားများ အဓိက ပါဝင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly