အလောင်းတော်ကဿပလမ်းပိုင်း ဖွင့်မည့်ရက် မသေချာသေး

အလောင်းတော်ကဿပလမ်းပိုင်း ဖွင့်မည့်ရက် မသေချာသေး
အလောင်းတော်ကသပသို့ဘုရားဖူးလာရောက်ကြသူများ (ဓါတ်ပုံ-Linn Maung)

မုံရွာ၊ ဒီဇင်ဘာ ၁၇။         ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ အလောင်းတော်ကဿပလမ်းပိုင်း ဖွင့်လှစ်မည့်ရက်ကို အတိအကျမပြောနိုင်သေးကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

လွန်ခဲ့သည့်ရက်အနည်းငယ်က အချိန်အခါမဟုတ် မိုးရွာခဲ့ပြီး လမ်းပိုင်းမှာ မြေသားလမ်းဖြစ်သည့်အတွက် ပြင်ဆင်မှုများပြုလုပ်နေရဆဲဖြစ်ကြောင်း သိရသည်။

"လောလောဆယ်မှာတော့ တစ်ကြောင်းထိုးတော့ ပြင်ထားတယ်။ ဒါပေမဲ့ ဘုရားဖူးလမ်းဖွင့်လောက်တဲ့အထိတော့ ပြင်ဆင်လို့ မပြီးသေးဘူး။ မြေသားက အောက်မှာပျော့နေတယ်။   နောက်ပြီး ချောင်းတွေထဲမှာလည်း ကျောက်တွေချပြီး လမ်းခင်းရဦးမယ်။ ဘုရားဖူးလမ်းဖွင့်ပြီဆိုရင် တရားဝင်ကြေညာပေးမှာပါ။ လမ်းပိုင်းမပြီးသေးပဲ ဘုရားဖူးလမ်းဖွင့်ထားလို့ ဘုရားဖူးတွေတစ်ခုခုဖြစ်ရင် မကောင်းဘူး။ လမ်းဖွင့်မယ့်ရက်ကို အလောင်းတော်ကသပဂေါပကအဖွဲ့အနေနဲ့ တရားဝင်ကြေညာထားတာမရှိသေးပါဘူး" ဟု အလောင်းတော်ကဿ ပ ဂေါပကအဖွဲ့မှ ကိုအေးမင်းဦးက ပြောသည်။

ယင်းသို့ လမ်းအချောသက်ပြင်ဆင်နေသည်မှာ ဒီဇင်ဘာ လကုန်ခန့်တွင် ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်း၊ သို့သော် ဘုရားဖူးလာရောက်သူများအနေဖြင့် မိမိတို့ဂေါပကအဖွဲ့၏ တရားဝင်ထုတ်ပြန်ကြေညာချက်ကို စောင့်စားပြီးမှ လာရောက်ကြစေလိုကြောင်း ၄င်းက ပြောသည်။

အဆိုပါ အလောင်းတော်ကဿပသည် နှစ်စဉ် ပွင့်လင်းရာသီရောက်မှသာ ဘုရားဖူးလမ်းအဖြစ် ဖွင့်လှစ်ပေးလျှက်ရှိပြီး ပြည်တွင်းပြည်ပခရီးသွား အများအပြားဝင်ရောက်လေ့ရှိသော ခရီးသွားဒေသတစ်ခုဖြစ်သည်။

အလောင်းတော်ကဿပသို့ မုံရွာမြို့မှ နေ့ချင်းပြန်သွားလာနိုင်ပြီး စစ်ကိုင်းတိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက မုံရွာမြို့အခြေစိုက် လည်ပတ်နိုင်သော ခရီးသွားဒေသအဖြစ် သတ်မှတ်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly