ဘင်္ဂါလီအရေးအတွက် တာဝန်ရှိသူတစ်ဦးချင်းကိုသာ ဒဏ်ခတ်ရန် အမေရိကန်စီစဉ်

ဘင်္ဂါလီအရေးအတွက် တာဝန်ရှိသူတစ်ဦးချင်းကိုသာ ဒဏ်ခတ်ရန် အမေရိကန်စီစဉ်

ဒီဇင်ဘာ ၁၇ ။           ။ နိုင်ငံတကာအသိုင်းအဝိုင်းက ပြစ်တင်ရှုံ့ချနေကြသည့် ဘင်္ဂါလီအရေးနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးချင်းကိုသာ ဒဏ်ခတ်မှုများ ပြုလုပ်သွားနိုင်ကြောင်း အမေရိကန်တို့ဘက်မှ ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် အကြမ်းဘက်မှုများဖြစ်ပွားခဲ့သော သြဂုတ်လ၂၅ရက်နောက်ပိုင်း နယ်မြေရှင်းလင်းရေးကာလတွင် အရပ်သားဘင်္ဂါလီသေဆုံးမှုများရှိသည်ဟု နိုင်ငံတကာ စွပ်စွဲမှုများထွက်ပေါ်နေသည်။

ယင်းစွပ်စွဲမှုများကိုအခြေခံ၍ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က တာဝန်ရှိသူများကိုသာ တစ်ဦးချင်း ဒဏ်ခတ်သွားရန် ၀ါရှင်တန်အစိုးရမှ စဉ်းစားချင့်ချိန်နေသည်ဟု   သောကြောနေ့က ပြောခဲ့သည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် သြဂုတ်လ၂၅ရက်က စတင်ကာ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့(ARSA)က အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ယင်းနောက် စက်တင်ဘာ ၅ရက်နေ့အထိ တပ်မတော်က အကြမ်းဖက်တန်ပြန်တိုက်ဖျက်ရေးနှင့် နယ်မြေရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။ ယင်းကာလအတွင်း ဘင်္ဂါလီ ၆၅၀၀၀၀ ခန့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့သည်ဟု ကုလသမဂ္ဂက ဖေါ်ပြသည်။

ဘင်္ဂလားဒေ့ရှ်ရောက် ဘင်္ဂါလီအရေအတွက်နှင့် အရပ်သားဘင်္ဂါလီသေဆုံးမှုရှိမရှိကိုမူ မဇ္စျိမမှ သီးခြားအတည်မပြုနိုင်ပေ။

ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး လူမျိူးသုန်းသတ်ဖြတ်မှုဟု နိုင်ငံတကာအသိုင်းအဝိုင်းနှင့် လူ့အခွင့်အရေးအဖွဲ့များက စွပ်စွဲပြောဆိုနေပြီး ယင်းစွပ်စွဲမှုများမှားယွင်းကြောင်း မြန်မာအစိုးရနှင့် တပ်မတော်က ငြင်းဆိုထားသည်။

အမေရိကန်ပြည်တွင်းရှိ ဥပဒေသမားများနှင့် နိုင်ငံတကာမှ လူ့အခွင့်အရေးအဖွဲ့များသည် ယခုလို အမေရိကန်အစိုးရဘက်မှ အကန့်အသတ်နှင့်သာ အရေးယူဒဏ်ခတ်ရန် စီစဉ်နေခြင်းအပေါ် ကျေနပ်မှုမရှိနိုင်ကြောင်း သိရသည်။

ထရမ့်၏ အစိုးရအဖွဲ့သည် အမေရိကန်တို့ ရေရှည်ထောက်ခံခဲ့သော နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသည့် မြန်မာနိုင်ငံအတွက် ကမောက်ကမဖြစ်စဉ်များကို ရှောင်ရှားလိုသောကြောင့် အကန့်အသတ်နှင့်သာ အရေးယူသွားဖို့ စဉ်းစားချင့်ချိန်နေသည်ဟု အမေရိကန်အစိုးရအဖွဲ့မှ တာဝန်ရှိသူနှစ်ဦး၏ ပြောဆိုချက်အပေါ် ရိုက်တာသတင်းဌာနက ကိုးကားဖော်ပြခဲ့သည်။

“အရေးယူဒဏ်ခတ်ဖို့နဲ့ ပတ်သက်ပြီး ကျနော်တို့ဘက်က ကြေညာစရာ ဘာမှမရှိသေးပါဘူး” ဟု အိမ်ဖြူတော်မှ အမျိုးသားလုံခြံုရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ဘင်္ဂါလီ ပဋိပက္ခအတွက် အရေးယူဒဏ်ခတ်ခံရမည့် တာဝန်ရှိသူလူပုဂ္ဂိုလ်မှာ မည်သူမည်ဝါဖြစ်သည်ဆိုတာကိုလည်း ထုတ်ဖော်ပြောဆိုဖို့၄င်းက ငြင်းဆန် ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly