ဥရောပအတွင်းသို့ပြန်ဝင်လာမည့် IS တိုက်ခိုက်ရေးသမားများကို သတိထားသင့်ဟု စပိန်ဝန်ကြီးပြောဆို

ဥရောပအတွင်းသို့ပြန်ဝင်လာမည့် IS တိုက်ခိုက်ရေးသမားများကို သတိထားသင့်ဟု စပိန်ဝန်ကြီးပြောဆို

မက်ဒရစ်၊ ဒီဇင်ဘာ ၁၇ ။             ။ ဆီးရီးယားနှင့်အီရတ်တို့၌ အကြမ်းဖက်အဖွဲ့အစည်းဖြစ်သော အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ အရေးနိမ့်ခဲ့မှု အတွက် ဥရောပနိုင်ငံသားဖြစ်ကြသော အချို့ IS တပ်ဖွဲ့ဝင်များ ဥရောပတိုက်တွင်းသို့ ပြန်ဝင်လာမည့်ကိစ္စ ကြောင့် ဂယက်ထမှုများရှိလာနိုင်ကြောင်း စပိန်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူက သတိပေးပြောဆိုခဲ့သည်။

စပိန်နိုင်ငံခြားရေးဝန်ကြီး အယ်လ်ဖွန်ဆိုဒက်စ်တစ်က EFE သတင်းဌာနှင့်ပြုလုပ်ခဲ့သော အင်တာဗျူးထဲ၌ ဥရောပအနေဖြင့် အရှေ့အလယ်ပိုင်းဒေသမှ ပြန်ဝင်လာမည့် ဥရောပတိုက်သား IS တိုက်ခိုက်ရေးသမားများကို သတိထားသင့်ပြီး ထိုအစွန်းရောက်သမားများသည် အချိန်တိုအတွင်းအသားကျအောင် နေထိုင်နိုင်ကြကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။

“ကျနော်တို့ ထိတ်လန့်စိုးရွံ့တာကတော့ အရှေ့အလယ်ပိုင်းဒေသအပြင်ဘက်မှာ မွေးဖွားခဲ့တဲ့ IS တိုက်ခိုက်ရေး သမားတွေ ဥရောပတိုက်ထဲကို ပြန်ဝင်လာမှာကိုပါပဲ” ဟု သူကပြောခဲ့ပြီး “ အဲဒီလူတွေဟာ အကြမ်းဖက်လုပ်ရပ် တွေကျူးလွန်ပြီး အခြားသူတွေထဲကို အစွန်းရောက်အတွေးအခေါ်တွေ ရိုက်သွင်းပေးမှာကို ကျနော်တို့ သတိရှိရှိနဲ့ တားဆီးရပါမယ်” ဟု အကြံပေးခဲ့သည်။

ဆက်လက်ပြီး လွန်ခဲ့သော သြဂုတ်လက ဘာစီလိုနာ၌ဖြစ်ပွားခဲ့သော အကြမ်းဖက်ဖြစ်ရပ်နှင့် လွန်ခဲ့သော ၂၀၁၅ ခုနှစ် နို၀င်ဘာလက ပဲရစ်မြို့၌ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုတို့ကဲ့သို့ နောက်ထပ်အကြမ်းဖက် ဖြစ်စဉ်များ ထပ်မံမဖြစ်ပွားရအောင် ပြင်းပြင်းထန်ထန် ကြိုတင်ကာကွယ်ထားသင့်သည်ဟု သူက ပြောခဲ့သည်။

ဒါ့အပြင် ဒက်စ်တစ်က ဂျေရုစလမ်မြို့အား အစ္စရေး၏မြို့တော်အဖြစ်သတ်မှတ်ခဲ့သည့် ဒေါ်နယ်ထရမ့်၏ ဆုံးဖြတ်ချက်သည် ဖြစ်စေချင်တာနှင့် တစ်ခြားစီဖြစ်သွားခဲ့သော်လည်း အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို အမေရိကန်တို့ဘက်မှ ကြားဝင်စေ့စပ်ပေးသူအဖြစ် ဆောက်ရွက်ခြင်းမရှိတော့ပြီဟု ဆိုလိုခြင်းမဟုတ် ကြောင်း မှတ်ချက်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly