ရာဟူးလ်ဂန္ဓီက မိသားစုအမွေ ဆက်ခံခြင်းအဖြစ် အတိုက်အခံ ကွန်ဂရက်ပါတီကြီး၏ ဥက္ကဌ တာဝန်ယူ

ရာဟူးလ်ဂန္ဓီက မိသားစုအမွေ ဆက်ခံခြင်းအဖြစ် အတိုက်အခံ ကွန်ဂရက်ပါတီကြီး၏ ဥက္ကဌ တာဝန်ယူ

နယူးဒေလီ၊ ဒီဇင်ဘာ ၁၆ ။            ။ အိန္ဒိယ အဓိကအတိုက်အခံပါတီကြီး ကွန်ဂရက်ပါတီ၏ ဥက္ကဌအဖြစ် ရာဟူးလ်ဂန္ဓီက ဒီဇင်ဘာ ၁၆ ရက်တွင် တာဝန်ယူထမ်းဆောင်ပြီဖြစ်သည်။

လွပ်လပ်ပြီးသမိုင်းတစ်လျှောက် အိန္ဒိယနိုင်ငံတွင် အစိုးရအဖြစ် တာဝန်များစွာ ယူခဲ့သော ကွန်ဂရက်ပါတီ၏ အကြီးအကဲအဖြစ် နေရူး-ဂန္ဓီ မျိုးဆက်၏ တာဝန်ကို ဆက်လက်ထမ်းဆောင်ခြင်းတွင် ယခု ရာဟူးလ်ဂန္ဓီသည် ခြောက်ဦးမြောက်ဖြစ်သည်။

ပါတီရုံးချုပ်တွင် မိခင်ဖြစ်သူ ဆိုနီယာဂန္ဓီက သားဖြစ်သူ အသက် ၄၇ နှစ်ရှိ ရာဟူးလ်ဂန္ဓီအား ပါတီအာဏာကို လွှဲပြောင်းပြီးနောက် မိန့်ခွန်းပြောကြားရာ အခမ်းအနား မီးရှုးမီးပန်း ပစ်လွှတ်မှုက ဆိုနီယာဂန္ဓီ၏ အသံကို ဖုံးလွှမ်းသွားသည်။

ဝန်ကြီးချုပ်ဟောင်းများဖြစ်ခဲ့ကြသည့် အင်ဒီရာနှင့် ရာဂျစ်ဂန္ဓီတို့၏ ပိုစတာများ နောက်ခံပြုလျက် ရာဟူးလ်ဂန္ဓီသည် တရားဟောစင်မြင့်ထက်မှ ပရိသတ်ကို ပြံုးရွှင်စွာ လက်ပြနှုတ်ဆက်သည်။
ထောက်ခံသူများက “ကျန်းမာသက်ရှည်ပါစေ ရာဟူးလ်”ဟု ကောင်းချီးများပေးကြကာ ဗုံသံဒရမ်သံ စည်းချက်များနှင့်အညီ ကခုန်ကြသည်။

၁၉၉၈ ခုနှစ်အတွင်းက ရာဟူးလ်ဂန္ဓီ၏ ဖခင် ရာဂျစ် လုပ်ကြံခံရပြီးနောက် မိခင်ဖြစ်သူ ဆိုနီယာက ကွန်ဂရက်ပါတီကို ထိန်းကျောင်းလာခဲ့ခြင်း ဖြစ်ကာ ၂၀၀၄ နှင့် ၂၀၀၉ ရွေးကောက်ပွဲများတွင် အနိုင်ရအောင် ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

သို့သော်လည်း ၂၀၁၄ တွင် လက်ရှိဝန်ကြီးချုပ် မိုဒီ၏ BJP ပါတီက အနိုင်ရခဲ့ခြင်းဖြစ်ကာ ကွန်ဂရက်ပါတီအနေဖြင့် ၂၀၁၉ ရွေးကောက်ပွဲတွင် အနိုင်ပြန်ရရေး ယှဉ်ပြိုင်စိုင်းပြင်းလျက် ရှိနေသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly