မျိုးချစ်စိတ်ဓါတ်နဲ့ လူငယ် ၂

 

ပြီးခဲ့တဲ့နေ့က ရေးခဲ့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာက လူငယ်တွေ မျိုးချစ်စိတ်ဓါတ်ကို လက်ခံကျင့်သုံးကြရာမှာ ဘယ်လိုမျိုးချစ်စိတ်ဓါတ်မျိုးကို လက်ခံကျင့်သုံးသင့်သလဲဆိုတဲ့အချက်ကိုလည်း သုံးသပ်စဉ်းစားကြဖို့တိုက်တွန်းခဲ့ပါတယ်။

တခါတလေ မျိုးချစ်စိတ်ဓါတ်ဆိုရင် ပြီးပြီမဟုတ်ဘူးလား ဆန်းစစ်ဖို့လိုအပ်လို့လားလို့ပြောစရာရှိပါတယ်။ မှန်ပါတယ်။ မျိုးချစ်စိတ်ဓါတ်ဆိုတာ မိမိရဲ့ တိုင်းပြည်နဲ့လူမျိုး ချစ်မြတ်နိုးတဲ့စိတ်ပဲ၊ ဘာထပ်ပြီး ဆန်းစစ်ဖို့ လိုအပ်လို့လည်းလို့မေးစရာရှိပါတယ်။

တကယ်တော့ မျိုးချစ်စိတ်ဓါတ်လို့ဆိုလိုက်တာနဲ့တပြိုင်နက် အဲဒီနေရာမှာတွင် ရပ်ထားလိုက်မယ်ဆိုရင် မှားယွင်းလွန်ကဲတဲ့ အလုပ်တွေကို လုပ်မိသွားတာမျိုး ရှိခဲ့ကြလေတော့ မျိုးချစ်စိတ်ဓါတ်ကို စီစစ်ဖို့လိုအပ်လာတာကတော့ အမှန်ပါပဲ။

ဥပမာ ဒုတိယကမ္ဘာစစ်မတိုင်ခင်က ဂျာမဏီနိုင်ငံရဲ့ခေါင်းဆောင် ဟစ်တလာက ဂျာမဏီလူမျိုးတွေဟာ ကမ္ဘာပေါ်ကတခြား ဘယ်လူမျိုးနဲ့မှ မနှိုင်းယှဉ်နိုင်လောက်အောင် မြင့်မြတ်သူတွေဖြစ်တယ်ဆိုတဲ့ အပြောတွေအဟောတွေနဲ့ ဂျာမဏီလူမျိုးတွေကို ဆွဲဆောင်စည်းရုံးပါတယ်။ ဒီတော့ မျိုးချစ်စိတ်ဓါတ်ထက်သန်တဲ့ လူငယ်တွေဟာ ဟစ်တလာရဲ့နောက်မှာ ဂျာမဏီလူငယ်တွေ တိုင်းပြည်နဲ့အဝှမ်း အလွယ်တကူ ၀န်းရံရပ်တည်ကြပါတယ်။ နောက်တော့ ကမ္ဘာကြီးကို ဂျာမဏီဇာတ်သွင်းရေး မှားယွင်းတဲ့ နာဇီဝါဒအောက်မှာ ဂျာမဏီလူငယ်တွေ ဘဝတွေစွန့်လွှတ်ကြရတဲ့အထိ ဖြစ်ကြရပါတယ်။ ဥရောပတိုက်၊ အာဖရိကတိုက်၊ အရှေ့အလယ်ပိုင်းဒေသတွေရဲ့တောတောင်တွေကြား၊ မြစ််််််ချောင်းအင်းအိုင်တွေကြား အသက်ပေးသွားကြရပါတယ်။

တကယ်တော့ ဟစ်တလာရဲ့ အဲဒီ ဂျာမဏီလူမျိုးတွေဟာ ဘယ်လူမျိုးနဲ့မှ မနှိုင်းယှဉ်နိုင်လောက်အောင် မြင့်မြတ်သူတွေဖြစ်တယ်ဆိုတဲ့အမြင် အယူအဆဟာ ကိုယ့်လူမျိုးနဲ့ ကိုယ့်တိုင်းပြည်ကို ချစ်တဲ့စိတ်ကို အခြေခံပြီးမှ ဖြစ်လာတဲ့ မျိုးချစ်စိတ်ဓါတ် မျိုးချစ်အယူအဆပါပဲ။ ဒါပေမယ့် ကမ္ဘာကြီးရဲ့ အရှိတရားကို မျက်ကွယ်ပြုပြီး ဂျာမဏီကလွဲရင် ဒီကမ္ဘာပေါ်မှာ ဘယ်လူမျိုးမှ တန်းတူတယ်လို့ မယူဆတဲ့ မျက်ကန်းမျိုးချစ်ဝါဒ သို့မဟုတ် အစွန်းရောက်တဲ့ မျိုးချစ်ဝါဒဖြစ်နေပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာ အဲဒီအစွန်းရောက်မျိုးချစ်ဝါဒ ရင်ဝယ်ပိုက်ရင်း ဂျာမဏီလူငယ်တွေ သေတွင်းဆင်းခဲ့ကြတယ်။ ဂျာမဏီနိုင်ငံကြီးလည်း ကျရှုံးရတယ်။

ဒီလိုအဖြစ်အပျက်ထဲမှာ စိတ်ဝင်စားဖို့ကောင်းတာက နောင်တချိန်မှာ ကမ္ဘာကျော်ကဗျာဆရာကြီးဖြစ်လာမယ့်၊ နောင်အခါ စာပေနိုဗယ်ဆုချီးမြှင့်ခံရမယ့် ကဗျာဆရာကြီး ဂွန်တာဂရပ်စ်သည်ပင်လျင် အဲဒီ ခေါင်းဆောင်ကြီး ဟစ်တလာ ရဲ့ လူငယ့်လက်ရုံးတပ်ထဲ အသက် ၁၆ နှစ်အရွယ် ငယ်ရွယ်စဉ်က ပါ၀င်ခဲ့ဖူးတယ်ဆိုတဲ့ အချက်ဟာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

ကဗျာဆရာကြီး ဂွန်တာဂရပ်စ် ဟာ ကမ္ဘာကြီးက လေးစားရတဲ့ ကဗျာဆရာပါ။ သူသည်ပင်လျင် ဒီလို ယဉ်ကျေးမှုအတွေးအခေါ်ရင့်ကျက်သူတစ်ဦးပင်လျင် ငယ်စဉ်က ဟစ်တလာရဲ့ လူငယ့်လက်ရုံးတပ်ထဲ ပါ၀င်လာရလေအောင် အစွန်းရောက် ဂျာမဏီမျိုးချစ်ဝါဒက စည်းရုံးလွှမ်းမိုးနိုင်ခဲ့တာပဲ။ အစွန်းရောက်မျိုးချစ်ဝါဒ ဘယ်လောက်အထိ ခရီးရောက်နိုင်သလဲဆိုတာ တွေးကြည့်လို့ သိနိုင်ပါတယ်။

နောက်တော့ အသက် ၆၀ ကျော်ကာမှပဲ ငယ်စဉ်က ဟစ်တလာရဲ့လူူငယ့်လက်ရုံးတပ်ထဲ ပါ၀င်ခဲ့တဲ့သမိုင်းကို လူတွေသိလာကြရပြီး တကမ္ဘာလုံး ဆူညံပွက်လောရိုက်အောင်ဖြစ်လာကာမှပဲ ကဗျာဆရာကြီး ဂွန်တာဂရပ်စ်လည်း အဲဒီအဖြစ်အပျက် ဟုတ်မှန်ကြောင်း ၀န်ခံပြီး ယဉ်ကျေးတဲ့ကမ္ဘာကြီးကို ၀န်ချတောင်းပန်ရတော့တယ်။

ဒီလိုပါပဲ။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ကမ္ဘာ့အရှေ့ဖျားနိုင်ငံတွေကို နယ်ချဲ့နင်းခြေဖို့ကြိုးစားခဲ့တဲ့ ဂျပန်ဖက်ဆစ်ဝါဒအောက်မှာ ဂျပန်လူငယ်တွေဟာ ကြေကွဲစွာ အသက်ဆုံးရှုံးခဲ့ကြရပါတယ်။ မျက်ကန်းမျိုးချစ်ဝါဒနဲ့ အစွန်းရောက်လူမျိုးရေးဝါဒအောက်မှာ ဂျပန်လူငယ်တွေ သန်းချီပြီး အသက်ဆုံးရှုံးခဲ့ကြပါတယ်။ နောက်ဆုံးတော့ ဂျပန်ပြည်ကြီး စစ်မီးပုံထဲ ကျသွားရပြီး ကျရှုံးရတာပါပဲ။

ဒါက ဘာကိုပြသလဲဆိုတော့ အချက်နှစ်ချက် ရှိပါတယ်။ မျက်ကန်းမျိုးချစ်ဝါဒ သို့မဟုတ် အစွန်းရောက်မျိုးချစ်ဝါဒဟာ မျိုးချစ်ဝါဒဆိုတဲ့ဆိုင်းဘုတ်အောက်မှာ အခိုင်အမာရှိနေတတ်တယ်ဆိုတဲ့အချက်နဲ့ မျိုးချစ်စိတ်ဓါတ်ဆိုတိုင်း မစိစစ်ပဲလက်ခံလို့မဖြစ်ဘူးဆိုတဲ့အချက်ပါပဲ။

မျက်ကန်းမျိုးချစ်ဝါဒ သို့မဟုတ် အစွန်းရောက်မျိုးချစ်ဝါဒ သို့မဟုတ် မှားယွင်းတဲ့ မျိုးချစ်ဝါဒ  ဘယ်လောက်အထိ လက်တံရှည်သလဲဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့သမိုင်းကို ပြန်ကြည့်ရင်လည်း တွေ့နိုင်ပါတယ်။ အဲဒီအထဲက မြန်မာကဗျာကြီး ဆရာကြီးသခင်ကိုယ်တော်မှိုင်းရဲ့ ဖြတ်သန်းမှုတစ်ခုကို စံထားပြီးကြည့်ရင် ရပါသေးတယ်။

၁၉၂၀ လွန်ကာလတွေမှာ ဟိုစဉ်က တိုင်းပြည်ကိုအုပ်ချုပ်နေတဲ့ အင်္ဂလိပ်နယ်ချဲ့အစိုးရက အရှိန်အဟုန်မြင့်တက်လာနေတဲ့ မြန်မာတို့ရဲ့ မျိုးချစ်စိတ်ဓါတ်ကို အရှိန်ပျက်သွားအောင်၊ လမ်းလွဲသွားရလေအောင် အမျိုးမျိုးသွေးခွဲအုပ်ချုပ်တဲ့နည်းကို ပိုပြီး အသုံးချလာပါတယ်။ လူမျိုးခြားလက်အောက်မှာ တစတစ ပိုမိုစည်းလုံးလာနေတဲ့မြန်မာတွေကို စည်းလုံးရေးပြိုကွဲရလေအောင် ဘာသာရေး လူမျိုးရေးအရ ရန်တိုက်ပေးတဲ့ နည်းကို အသုံးပြုလာပါတယ်။ မော်လဝီ ရေးတဲ့ ယောဂီ ဆိုတဲ့စာအုပ်ကို ထုတ်ဝေဖြန့်ချိခွင့်ပေးလိုက်ပါတယ်။ ဗုဒ္ဓဘာသာဝင်မြန်မာတွေဟာ ဗုဒ္ဓဘာသာကို စော်ကားရေးသားတယ်လို့ထင်ရတဲ့ အဲဒီ ယောဂီဆိုတဲ့စာအုပ်ကိုအကြောင်းပြုပြီး ကုလားတွေကို မုန်းတီးသွားကြပြီး ကုလားဗမာအဓိကရုဏ်းကြီးဖြစ်ရတဲ့အထိ ကျယ်ပြန့်လာပါတယ်။

ဒီလိုဖြစ်လာတော့ လူမျိုးခြားလက်အောက်ကလွတ်မြောက်အောင် ကျိုးပမ်းလို့ တိုင်းပြည်နဲ့အဝှမ်းနာမည်ကြီးတဲ့ မျိုးချစ်ခေါင်းဆောင်တချို့သည်ပင်လျင် ကုလားမုန်းတီးဆန့်ကျင်ရေးအ
ဓိကရုဏ်းကို ထောက်ခံတဲ့အထိ မျက်စေ့လည်ကြရပါတယ်။

ဒီအချိန်မှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့ ကုလားနဲ့ဗမာဟာ ဘဝတူတွေဖြစ်တယ်။ ရန်သူတွေမဟုတ်တဲ့အကြောင်း၊ ရန်သူအစစ်အမှန်ဟာ နယ်ချဲ့အစိုးရသာဖြစ်တယ်ဆိုတာကို သိပါတယ်။ ကုလားဗမာအဓိကရုဏ်း ဆိုတာ နယ်ချဲ့အစိုးရက တမင်ဖန်တီးတာဖြစ်တယ်။ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားလွတ်လပ်ရေး ကျိုးပမ်းမှုတွေ မြင့်တက်လာနေချိန် နယ်ချဲ့အစိုးရက မြန်မာတမျိုးသားလုံးရဲ့ မျိုးချစ်စိတ်ဓါတ်ကို ကုလားမုန်းတီးရေး၊ ဘာသာခြားဆန့်ကျင်ရေး မျက်ကန်းမျိုးချစ်စိ်တ်ဓါတ်နဲ့ လမ်းလွဲအောင်ဖန်းတီးနေတာသာဖြစ်တယ်ဆိုတာ ကဗျာတွေရေးပြီး ဖွင့်ချခဲ့ဖူးပါတယ်။

“သြော် ... အခွန်တိုး စာရင်းတွေနှင့်၊

၀န်ထမ်းပိုးမကင်းနိုင်တဲ့၊

အလွန်ဆိုးခြင်း ပမာမှာလေ၊

ကျွန်မျိုးချင်းစာနာလို့မှ မနှိုင်းကြရော့ သလား၊

နထိုင်းနပျက်၊ နနက်-နပြာတွေကိုနော်ကွယ်၊

 အရိုင်းသက်သက်၊ တလိုင်း နှက်သလိုမို့၊

အို (အုန်းခင်)ရဲ့၊ ကသိုဏ်းဓမ္မစက်၊

စစ်ကိုင်းဘက်ဆီက၊ မှိုင်းရှက်သကွာ”ဆိုပြီး ကုလားဗမာအဓိကရုဏ်းကို ဆန့်ကျင်ရှုံ့ချပြီး ကုလားလည်းကျွန်၊ ဗမာလည်းကျွန၊် ကျွန်အချင်းချင်း ညီညွတ်ဖို့ကိုပဲ တိုက်တွန်းခဲ့ ရပ်တည်ခဲ့ပါတယ်။

ကဲ ဒါတွေကတော့ လူမျိုးဘာသာနဲ့တိုင်းပြည်ချစ်စိတ်ဓါတ်လို့ဆိုတိုင်းလည်း အဲဒီစိတ်ဓါတ်ကို မဆန်းစစ်ပဲ လက်ခံကျင့်သုံးလို့ မဖြစ်ဘူးဆိုတဲ့အချက်ကို သမိုင်းခြေရာ သမိုင်းအဖြစ်အပျက်တွေထဲက ထုတ်နှုတ်ပြတာပါပဲ။

လူငယ်တွေဟာ တက်ကြွတယ်၊ ဖြူစင်တယ်၊ ကိုယ်ကျိုးမငဲ့တတ်ကြဘူးဆိုတာမှန်လေတော့ မတူတဲ့လူမျိုးအချင်းချင်း မတူတဲ့ဘာသာအယူဝါဒအချင်းချင်း အပြန်အလှန်လေးစားမှု အပြန်အလှန်အသိအမှတ်ပြုမှုကို ပျက်ပြားသွားစေတဲ့အလုပ်တွေကို ကိုယ်ကျိုးသမားတချို့က လမ်းလွဲသွားအောင် အသုံးချတတ်ကြတာကိုလည်း သမိုင်းအချက်အလက်တချို့နဲ့ ယှဉ်ထိုးပြတာပါ။

ကျွန်တော်တို့နိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှု ပြောပလောက်အောင် မရှိခဲ့ မဖြစ်ခဲ့ပေမယ့် အခုဆိုရင် ဘာသာရေးအရ လူမျိုးရေးအရ အပြန်အလှန်မုန်းတီးမှုလေသံတွေ နေရာအနှံံ့ကြားနေကြရတာ အားလုံးအသိဖြစ်ပါတယ်။ အထူးသဖြင့် သတင်းအချက်အလက်နယ်ပယ်လို့ခေါ်တဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်မှာဆိုရင် လူမျိုးအချင်းချင်း ရန်သူလိုသဘောထားကြဖို့ ဘာသာမတူသူအချင်းချင်း စိတ်ဝမ်းကွဲမုန်းတီးစေဖို့ ပြောင်ပြောင်တင်တင်း ရေးသားလာကြတဲ့အထိ ကျဉ်းမြောင်းမှားယွင်းတဲ့ လူမျိုးရေး ဘာသာရေးသွေးထိုးမှုဟာ ထင်ထင်ပေါ်ပေါ် ပျံ့နှံ့လာနေပါတယ်။ ဒီလိုရှုပ်ထွေးလာနေတဲ့ လူမျိုးရေး ဘာသာရေး မုန်းတီးဆန့်ကျင်မှုတွေကြားမှာ လူငယ်တွေဟာ ဘယ်လိုပါ၀င်ဆောင်ရွက်သင့်သလဲ၊ ဘယ်လိုနားလည်ထားသင့်သလဲဆိုတဲ့အချက်ဟာ အရေးကြီးလှပါတယ်။ မှန်မှန်ကန်ကန် သုံးသပ်တတ်ဖို့ အထူးအရေးကြီးပါတယ်။

အဲဒီလို မျိုးချစ်စိတ်ဓါတ်အပေါ် မှန်မှန်ကန်ကန် သုံးသပ်လက်ခံတတ်ဖို့ဆိုရင် လူငယ်တွေဟာ စာဖတ်ကြရပါလိမ့်မယ်။ သမိုင်းဗဟုသုတ ဖြည့်ဆည်းထားကြရပါမယ်။ သမိုင်းကို အမှန်အတိုင်းသိတဲ့သူများနဲ့ နီးနီးကပ်ကပ် ထိထိစပ်စပ် ရှိရပါမယ်။

လူငယ်တွေအားလုံး ကျဉ်းမြောင်းတဲ့ လူမျိုးရေး ဘာသာရေး ထောင်ချောက်များကို လွတ်အောင်ကျော်လွှားနိုင်ကြပါစေ။

လူငယ်တို့ရဲ့မိုးကောင်းကင် ကြည်လင်ပြာလဲ့ သန့်စင်နိုင်ကြပါစေ။

မျိုးချစ်စိတ်ဓါတ်နဲ့ လူငယ် - ( ၁ )ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://mizzimaburmese.com/article/35329

Mizzima Weekly