ကြက်ဥပေါင်းဆီပြန်

.

 

မင်္ဂလာပါ............

ဒီတစ်ပတ်တော့ ကြက်ဥကို ပြုတ်လိုက်၊ ကြော်လိုက်စားရတာရိုးသွားလို့ ကြက်ဥပေါင်းလေး လုပ်ပြီးချက်စား ဖြစ်ပါတယ်။

ကြက်ဥပေါင်းဆီပြန်အတွက် လိုအပ်တာတွေကတော့

ကြက်ဥ ၅လုံး

ကြက်သွန်မြိတ် အနည်းငယ် (ပါးပါးလှီး ထားပါ)

ဆူးပုပ်ကြီး အနည်းငယ် ( အရွက်နုနုလေးတွေယူထားပါ)

မုန်လာဥနီ အနည်းငယ် (အနေတော် လှီးထားပါ)

ငရုတ်ကောင်းမှုန့်  အနည်းငယ်

ငရုတ်သီးအပုမှုန့် အနည်းငယ်

ငရုတ်သီးစိမ်း အနည်းငယ်

ခရမ်းချဉ်သီး ကြက်သွန်ဖြူ ကြက်သွန်နီ အနည်းငယ်လိုအပ်ပါတယ်။

အရင်ဆုံး ကြက်ဥပေါင်းလုပ်ဖို့ အတွက် ကြက်ဥကို ဖောက်ပြီး အနှစ် အကာ သမအောင်မွှေပါ။ ဆား အနည်းငယ် ထည့်ပါ။ အနှစ်အကာ  သမသွားရင်တော့  ကြက်သွန်မြိတ် ၊ ဆူးပုတ်ကြီး ၊ မုန်လာဥနီ တို့ကို ထည့်ပါ။ ငရုတ်ကောင်းမှုန့်လေးထည့် ပြီး ထပ်မွှေပါ။ ပြီးရင် ငရုတ်သီးစိမ်းလေးတွေ ပါးပါးလှီးထည့်ပါ။ အစပ် မကြိုက်ရင် မထည့်လည်း ရပါတယ်။ တခြားကိုယ်နှစ်သက်တဲ့ အသီးအနှံတွေလည်း ထပ်ထည့်လို့ရပါတယ်။ ကြက်သွန်မြိတ်က ချိုပြီး မွှေးလို့ များများထည့်လေ ကောင်းလေပါပဲ။

အကုန်လုံးရောခေါက်ပြီး သမသွားပြီဆိုရင် ကြွေဇလုံ ဇောက်နက်နက်လေးတစ်လုံးထဲထည့်ပါ။ ကြက်ဥပေါင်းလို့ ဇလုံမှာ ကပ်တဲ့ အခါ ထုတ်ရလွယ်အောင် ဇလုံအောက်ခြေနဲ့ဘေးပတ်လည်ကို ဆီ အနည်းငယ် သုတ်ပေးရပါမယ်။

ပြီးရင်တော့ အိုးနီထဲကို  ရေအနည်းငယ်ထည့် ပြီး ကြက်ဥပေါင်းဇလုံကို ထည့်ပါ။ အဖုံး အုပ်ထားပြီး ၁၅ မိနစ် ပေါင်းပါမယ်။ ဒါကတော့ အလွယ်ပေါင်းတဲ့နည်းပါ။

ကြက်ဥပေါင်းထားတုန်းမှာ ရေကို နည်းနည်းပဲထည့်ထားတာဖြစ်လို့ ရေလိုရင်ရေထပ်ထည့်ပါ။ နည်းနည်းပဲ ထည့်ရပါမယ် ။ အများကြီးထည့်ရင် ကြက်ဥပေါင်းထဲ ရေ၀င်ပြီး စားမကောင်းဖြစ်တတ်လို့ပါ။ ၁၅ မိနစ်ပြည့်ပြီ ဆိုရင်တော့ ကျက် မ ကျက် သိနိုင်ဖို့ ကြက်ဥပေါင်းရဲ့ အလယ်တည့်တည့်ကို ဓားလေးနဲ့ထိုး ကြည့်ပါ။ ကြက်ဥ အနှစ်တွေ ထွက်မလာတော့ဘူးဆိုရင်တော့ ကြက်ဥပေါင်းတာရပါပြီ။ အိုးထဲက ထုတ်ပြီး ခဏ အအေးခံပြီး အနေတော် အတုံးလေးတွေ လှီးထားပါ။

ကြက်ဥပေါင်းကို  ဒီတိုင်းမစားဘဲ ဆီပြန်ဟင်းလေး ချက်မယ်ဆိုရင် တော့ ကြက်သွန်၊ ငရုတ်သီး ခရမ်းချဉ်သီး ထောင်းထားတာလေးကို ဆီသတ်ပါ။ အားလုံးကျေသွားရင် ကြက်ဥပေါင်းလေးတွေထည့်ပါ။

ဟင်းအနှစ်လေး အရသာရှိစေဖို့ ငါးငံပြာရည် လဖက်စားဇွန်း ၂ဇွန်းစာထည့်ပါ။မွှေပါ ။အနှစ်နဲ့ ကြက်ဥပေါင်း သမပြီး ဆီလေး ပြန်လာပြီဆိုရင်တော့ ကြက်သွန်မြိတ်လေးအုပ်လိုက်ပါ။ ဒါဆိုရင်တော့  မွှေးမွှေးချိုချိုနဲ့ ကြက်ဥပေါင်းဆီပြန်လေးရပါပြီရှင်။

ကြက်ဥကို ပြုတ်စား ကြော်စားရတာရိုးနေပြီဆိုရင် ဒီလိုလေးချက်စားကြည့်ပါနော်။

ပေစိလက်ရာ အစီအစဉ်ကို စနေနေ့ ညနေတိုင်း တင်ဆက်ပေးမှာဖြစ်တာမို့ တနင်္ဂနွေနေ့ အားလပ်ရက်မှာ တစ်ပျော်တစ်ပါး ချက်ပြုတ်စားနိုင်ကြပါပြီ။