တောင်ကြီး ဧရာဝတီဘဏ် ATM စက်များအတွင်း ငွေများဖောက်ထွင်းယူခဲ့သူအား ဖမ်းဆီးအမှုဖွင့်ထား

တောင်ကြီး ဧရာဝတီဘဏ် ATM စက်များအတွင်း ငွေများဖောက်ထွင်းယူခဲ့သူအား ဖမ်းဆီးအမှုဖွင့်ထား
ဓာတ်ပုံ-ပြည်ထဲရေး

 

ရန်ကုန်၊ ဒီဇင်ဘာလ ၁၆ ။              ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့၊ ဧရာဝတီဘဏ်ခွဲ(၁) ATM စက်များအတွင်းမှ ငွေများနှင့် CCTV Device များ ဖောက်ထွင်းယူခဲ့သူအား သက်ဆိုင်ရာ ရဲစခန်း ၂ ခုတွင် အမှုဖွင့်ထားကြောင်း တောင်ကြီးမြို့ မစခန်းမှူး ဒုရဲမှူး မျိုးဦးက ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် မဇ္စျိမသို့ ပြောသည်။

“ လက်ရှိကတော့ ကျွန်တော်တို့ ပြစ်မှုကျူးလွန်တဲ့ တရားခံတစ်ဦးကို ဖမ်းဆီးထားတယ်။ ကျူးလွန်တာလည်း တစ်ဦးတည်းပေါ့။ သက်သေခံငွေသိမ်းထားတာ ၃၅၄ သိန်း သိမ်းလို့ရထားတယ်။ နောက် သူချွတ်ယူသွားတဲ့ Device သုံးလုံးလည်း သိမ်းလို့ရထားတယ်။ Device တစ်လုံးကို ၃ သိန်းလောက်တန်တယ်။ အခုအမှုကနှစ်မှုခွဲ ဖွင့်တာဗျ။ ညောင်ရွှေမှာက တစ်မှု၊ ညောင်ရွှေရဲစခန်းက အမေးဇင်းဟိုတယ်မှာ ATM စက်တစ်လုံးလေ။ ကျွန်တော်တို့နဲ့ နယ်မြေမတူတော့။ ကျွန်တော်တို့ဆီမှာက တစ်မှုပေမယ့် စက်နှစ်စက်၊ စူဌာမုနိရယ်၊ Royal Taunggyi မှာရှိတဲ့ စက်တွေပေါ့”ဟု ဒုရဲမှူး မျိုးဦးက ပြောသည်။

လက်ရှိတွင် ဖမ်းဆီးရမိသူ သီဟနိုင်အား တောင်ကြီးမြို့မရဲစခန်းတွင် (ပ)၁ဝ၃၇/၂၀၁၇ ၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ အရ အမှုဖွင့်ထားပြီး ညောင်ရွှေမြို့မရဲစခန်းတွင်လည်း ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈ဝဖြင့် ထပ်မံအမှုဖွင့် ထား သည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၁ ရက်နေ့က အဆိုပါ Royal Taunggyi Hotel တွင် ထားရှိသော ATM Terminal-5 စက်အား စက်ချို့ယွင်းမှုဖြစ်သဖြင့် ဘဏ်မှ တာဝန်ရှိသူများက စစ်ဆေးရာမှ စက်အတွင်းရှိ ငွေကျပ် ၂၃၃ သိန်းကျော်နှင့် စက်အတွင်းတပ်ဆင် ထားသော CCTV Device တစ်လုံးပျောက်ဆုံးကြောင်း သိရှိခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ATM Terminal-5 နှင့် စက်ပစ္စည်း အမျိုးအစားတူတပ်ဆင်ထားရှိသော စူဌာမုနိဘုရားပေါ်ရှိ ATM Terminal-3 စက်အား စစ်ဆေးခဲ့ရာ စက်အတွင်းမှ ငွေကျပ် ၁၁၇ သိန်းကျော်နှင့် CCTV Device တစ်လုံးပျောက် ဆုံးခဲ့ပြီး ညောင်ရွှေမြို့ရှိ အမေးဇင်းဟိုတယ်တွင်ထားရှိသော ATM စက်အတွင်းတွင်လည်း အလားတူ ပျောက်ဆုံးမှုများဖြစ်ပွားခဲ့သည်။

ထိုသို့ ပျောက်ဆုံးမှုများဖြစ်ပွားခဲ့ရာ Royal Taunggyi Hotel တွင် တပ်ဆင်ထားသော CCTV မှတ်တမ်းအား စစ်ဆေးချက်အရ ဒီဇင်ဘာလ ၁ဝ ရက်နေ့က ဧရာဝတီဘဏ်ခွဲ-၁ ၊ လက်ထောက်ကြီးကြပ်ရေးမှူးဟောင်း ဦးသီဟနိုင်ဆိုသူက ATM Terminal-5 အတွင်းသို့ ၄င်းတွင်ပါလာသော သော့ဖြင့် ဖွင့်ပြီး စက်အတွင်းမှ ငွေနှင့် CCTV Devic တို့ကို ယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးသီဟနိုင်ဆိုသူမှာ ၂ဝ၁၇ ခုနှစ်၊ မေလ ၁၆ ရက်နေ့တွင် ဘဏ်ဝန်ထမ်းမှ ထုတ်ပယ်ထားသူဖြစ်ကြောင်း သိရသည်။

“ သူက ကျွမ်းကျင်ဝန်ထမ်းအဖြစ်နဲ့ ဒီဘဏ်မှာလုပ်ခဲ့တာ။ ဘဏ်ကအထုတ်ပြီးတဲ့နောက် ဘဏ်ကနေပြီးတော့ ATM အပြင်တံခါးဖွင့်တဲ့ သော့တစ်ချောင်းက သူ့ဆီပါသွားတယ်။ အဲ့ဒီသော့ရှိလို့လည်း သူကဝင်လို့ရတာလေ။ ကျွန်တော်တို့က ပထမ သော့အတုထင်တာ။ သော့အတုမဟုတ်ဘူး။ သော့တွေအများကြီးထဲမှာ ဒီကောင်က တစ်ချောင်းယူထားတာကိုး။ နောက်ပြီး အခုပျောက်ဆုံးမှုဖြစ်ပွားခဲ့တဲ့ စက်တွေက ဒီကောင်အမြဲတမ်း ငွေဖြည့်၊ ငွေထည့်အဲ့ဒီလိုလုပ်ခဲ့တာလေ။ အဲ့ဒီတော့ လျို့ဝှက်နံပါတ်တွေလည်း သိနေတာပေါ့ဗျ”ဟု တောင်ကြီးမြို့ မစခန်းမှူး ဒုရဲမှူး မျိုးဦးက ပြောသည်။

အဆိုပါ ဧရာဝတီဘဏ်ခွဲ-၁ ၊ လက်ထောက်ကြီးကြပ်ရေးမှူးဟောင်း ဦးသီဟနိုင်ဆိုသူအား ဖွင့်ဆိုထားသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၈ဝ မှာ နေအိမ်စသည်တို့အတွင်းတွင် ခိုးမှုပုဒ်မဖြစ်ပြီး အမြင့်ဆုံး ထောင်ဒဏ် ရ နှစ်ထိချမှတ်နိုင်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly