ဖြိုးကိုကိုတင့်ဆန်းပါ ၃ဦးအား လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုထပ်ဖွင့်

ဖြိုးကိုကိုတင့်ဆန်းပါ ၃ဦးအား လက်နက်ပုဒ်မ ၁၉(စ)ဖြင့် အမှုထပ်ဖွင့်

နေပြည်တော်(ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ အကြံပြုချက်အရ ဖြိုးကိုကိုတင့်ဆန်းပါ ၃ဦးအား ဒက္ခိဏခရိုင်၊ အေလာရဲစခန်းတွင် လက်နက်ပုဒ်မ ၁၉(စ)ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက သီးခြား ထပ်မံအမှုဖွင့်လိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၅ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းပါ ၃ဦးထံမှ ၉မမ ပစ္စတို ၂လက်၊ ၎င်းကျည် ရ၂ တောင့်နှင့် WYစာတမ်းပါ စိတ်ကြွဆေးပြား ၁၂ ပြား၊ ICE ၁.၅ ဂရမ်တို့ ဖမ်းဆီးရမိခဲ့သည်ဟု နောက်တစ်ရက် အကြာတွင် ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး ကနဦးက မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ)/ ၂၁ဖြင့်သာ အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၅ရက်တွင်မူ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် ယင်းအမှုအပေါ် သီးခြား ထပ်မံအမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

ထိုအမှုအား မှုခင်းရဲတပ်ဖွဲ့(စီအိုင်ဒီ))က အောက်တိုဘာ ၂၁ရက်တွင် လွှဲပြောင်းစစ်ဆေးပြီး စီအိုင်ဒီက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ဥပဒေ အကြံပြုချက်တောင်းခံခဲ့ရာ “လက်နက်ပုဒ်မ ၁၉(စ)ဖြင့် သီးခြားထပ်မံ အမှုဖွင့်ရန် အကြံပြု ပြန်ကြားလာခဲ့သဖြင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ ၁၂၄၅ အချိန် ဖြိုးကိုကိုတင့်ဆန်းပါ ၃ ဦးအား အေလာနယ်မြေရဲစခန်း (ပ)၃၂၉/၂၀၁၇၊ လက်နက်ပုဒ်မ ၁၉(စ)ဖြင့် ထပ်မံအမှုဖွင့်ပြီး မှုခင်းရဲတပ်ဖွဲ့မှ စစ်ဆေးလျက်ရှိကြောင်း” ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အေလာရဲစခန်းမှ ဒုရဲအုပ် ဟန်ဝင်းအောင်ကလည်း “မနေ့က လက်နက်ဥပဒေပုဒ်မ ၁၉(စ)နဲ့ ဖွင့်လိုက်တယ်” ဟု မဇ္ဈိမကို အတည်ပြုသည်။

ပြည်ထောင်စုဝန်ကြီးဟောင်း ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦးထံမှ တရားမဝင် လက်နက်များနှင့် မူးယစ်ဆေးဝါးတစ်ချို့ကို နေပြည်တော်လေဆိပ်တွင် အောက်တိုဘာ ၁၅ရက် ညပိုင်းက သိမ်းဆည်းရမိခဲ့ရာမှ နေပြည်တော်နှင့် ရန်ကုန်ရှိ ၎င်း၏ နေအိမ်၊ ရုံးခန်းနှင့် ဟိုတယ်အတွင်းမှ လက်နက်များနှင့် ဆက်စပ်ပစ္စည်း အများအပြား ထပ်မံ သိမ်းဆည်းရမိခဲ့သေးသည်။

လက်ရှိတွင် ကွင်းဆက်တရားခံများဟု ရဲတပ်ဖွဲ့က ယူဆထားသူ ၁၅ဦးကို ဖမ်းဆီးထိန်းသိမ်းကာ ပုဒ်မပေါင်း ၁၇ခုဖြင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly