စစ်တွေမှ ဆယ်ကျော်သက်လူငယ် ၁၆ ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့် ဖမ်းဆီး

စစ်တွေမှ ဆယ်ကျော်သက်လူငယ် ၁၆ ဦးကို မူးယစ်ဆေးသုံးစွဲမှုဖြင့် ဖမ်းဆီး

 

စစ်တွေ၊ ဒီဇင်ဘာ ၁၆ ရက်။               ။ ဆယ်ကျော်လူငယ် ၁၆ ဦးကို မူးယစ်ဆေးဝါးသုံးစွဲသည်ဟု ဆိုကာ စစ်တွေရဲတပ်ဖွဲ့ က ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

ယင်းလူငယ်များမှာ စစ်တွေမြို့နယ် ကျေးပင်ကြီးရပ်ကွက်တွင် တည်ရှိသော တက္ကသိုလ်ကျောင်းဟောင်း (ယခု အထက - ၁) စာသင်ကျောင်းခြံဝင်းအတွင်း မူးယစ်ဆေးဝါးသုံးစွဲရန်   ပြင်ဆင်နေစဉ်တွင် ဆေးပြားများနှင့်အတူ ဖမ်းမိခဲ့ခြင်းလည်း ဖြစ်သည်။

မူးယစ်ဆေးဝါးများသုံးစွဲမှုများ ရှိနေကြောင်း သတင်းထွက်နေသော အဆိုပါတက္ကသိုလ်ခြံဝင်းကို စစ်တွေမြို့မ ရဲတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ နေ့လည်က သွားရောက် စစ်ဆေးစဉ်တွင် တွေ့ရှိခဲ့ခြင်းဟု တာဝန်ရှိ အရာရှိက ပြောသည်။

“တက္ကသိုလ်ကျောင်းဟောင်းမှာ စစ်တွေမြို့ပေါ်က လူငယ်တွေ မူးယစ်ဆေးဝါးတွေ လာရောက် သုံးစွဲ နေကြတယ်ဆိုတာကို သတင်းကြားလို့ ကျောင်းဝင်းထဲကို ဝင်ရောက်ဆေးသုံးဖို့ လာကြတဲ့သူတွေကို ဖမ်းဆီးတာပေါ့။” ဟု စစ်တွေမြို့မ အမှတ် (၁) ရဲ စခန်းမှ တပ်ကြပ်ကြီး မောင်မောင်သန်းက ပြောသည်။

ဖမ်းမိထားသည့် ၁၆ ဦးတွင် ၆ ဦးမှာ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှုနှင့် သုံးစွဲရန် ပြင်ဆင်ထားသည့် ပိုက်၊ ခဲပြား စသည်တို့ကြောင့် မူးယစ်ဆေးဝါးသုံးစွဲမှုပုဒ်မ ၁၅/၁၆(ဂ) ဖြင့် အမှုဖွင့် စစ်ဆေး လျက်ရှိသော်လည်း ကျန် ၁၀ ဦးကိုမူ သက်သေခိုင်လုံမှု မရှိဟု ဆိုကာ မိဘများကို ခေါ်ယူပြီး သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရှေ့မှောက် ခံဝန် လက်မှတ်ရေးထိုးစေပြီး ပြန်လည်လွှတ်ပေးခဲ့ သည်ဟု စစ်တွေမြို့မရဲစခန်းမှ သိရသည်။

ယင်းအပြင် ဒီဇင်ဘာလ ၁၃ ရက်နှင့် ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း စစ်တွေမြို့ တရားသီးစု ရပ်ကွက်နှင့် မြို့သူကြီးရပ်ကွက်၊ သက်ကယ်ပြင်ကျေးရွာတို့မှ သုံးစွဲမှုအပါအဝင် ရောင်းဝယ်ဖောက်ကားမှု စုစုပေါင်း အမှုပေါင်း ၅ မှုထိ ဖမ်းဆီးနိုင်ခဲ့သည်ဟု ရဲမှတ်တမ်းများ အရ သိရသည်။

ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်မှ စတင်ကာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရရှိမှု မြင့်တက် လာခြင်းဖြစ်ပြီး ယခုနှစ် ၂၀၁၇ ခုနှစ်၏ ဇန်နဝါရီ ၁ ရက်နေ့မှ ဒီဇင်ဘာ ၁၀ ရက်နေ့ထိ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှု အမှုပေါင်း ၁၁၀ နှင့် စိတ်ကြွမူးယစ်ဆေးပြား အရေအတွက် ၁၄ သန်းကျော်ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly