တိုင်းအစိုးရမှ ကျပ်ငွေ ဘီလျံ ရ၀ ကို ကားအစီးရေ ၁၀၀၀ ၀ယ်ပြီး YBS ကုမ္ပဏီနှစ်ခုတွင် ထည့်ဝင်ထား

တိုင်းအစိုးရမှ ကျပ်ငွေ ဘီလျံ ရ၀ ကို ကားအစီးရေ ၁၀၀၀ ၀ယ်ပြီး YBS ကုမ္ပဏီနှစ်ခုတွင် ထည့်ဝင်ထား

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၆ ။              ။ ရန်ကုန်တိုင်းဒေသကြီး အစိုးရမှ ၂၀၁၆-၂၀၁၇ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဖြည့်စွက်ရန်ပုံငွေအဖြစ် ရရှိခဲ့သည့် ကျပ် သန်း ရ၀ ကို ကားအစီးရေ ၁၀၀၀ ၀ယ်ယူခဲ့ပြီး YUPT နှင့် YBPC ကုမ္ပဏီ ၌ အစီးရေ ၅၀၀ စီ ထည့်ဝင် ရင်းနှီးမြှုပ်နှံထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က လွှတ်တော်၌ ဖြေဆိုခဲ့သည်။

ယမန်နေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး နောက်ဆုံးရက်၌ ဒေါ်နီလာကျော်က ဖြေဆိုခဲ့ခြင်းဖြစ်သည်။

“၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုခဲ့တဲ့ နောက်ထပ်ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း(၇၀) ဘီလီယံ အား အထက် ဖော်ပြပါ ကုမ္ပဏီ(၂)ခုတွင် မတည်ရင်းနှီးငွေများအဖြစ် ထည့်ဝင်ထားခဲ့ပြီး နှစ်စဉ် ရရှိလာမည့် ကုမ္ပဏီမှ အမြတ်အစုငွေ (Dividend) ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဘတ်ဂျက်သာမန်ငွေစာရင်း ခေါင်းစဉ်တွင် သာမန်ရငွေအဖြစ် စာရင်းတင်ဆောင်ရွက်မည်ဖြစ်ပါကြောင်း   ဖြေကြားအပ်ပါတယ်” ဟု ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်ကဆိုသည်။

ဒဂုံမြို့နယ် ၊ မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျ၏ "ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ၂၀၁၆-၁၇ ခု၊ ဘဏ္ဍာနှစ်တွင် ခွင့်ပြုခဲ့သည့် နောက်ထပ် ဖြည့်စွက်ရန်ပုံငွေ ကျပ်သန်း (၇၀) ဘီလီယံ ရင်းနှီးမြှုပ်နှံမှုအား အများပြည်သူသယ်ယူပို့ဆောင်ရေး အတွက် မည်သည့်အများပိုင်ကုမ္ပဏီများ တွင် မည်ကဲ့သို့သော သဘောတူညီမှုများဖြင့် ရင်းနှီးမြှုပ်နှံခဲ့သည်ကို သိရှိလိုကြောင်း " မေးမြန်းမှု ကို ဒေါ်နီလာကျော်က အထက်ပါအတိုင်း ပြန်လည်ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျပ်ငွေ ဘီလီယံ ရ၀ ကို  တရုတ်နိုင်ငံ ZHENGZHOU YUTONG Bus Co.,Ltd မှ ဘတ်စ်ကားအစီးရေ ၅၀၀ ၊ ANKAI Automobile Co.,Ltd မှ ဘတ်စ်ကားအစီးရေ ၅၀၀၊ စုစုပေါင်း အစီးရေ ၁၀၀၀ ကို တိုင်းဒေသကြီးအစိုးရမှ တစ်စီးလျှင် USD 56,000 နှုန်းဖြင့် တရုတ်နိုင်ငံအစိုးရနှင့် အစိုးရခြင်း ချိတ်ဆက် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

တိုင်းဒေသကြီးအစိုးရမှ YBS အတွက် အသုံးပြုခဲ့သည့် ဘီလီယံ ရ၀ မှ ရရှိခဲ့သည့် အမြတ်ရငွေကို ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ၆ လစာ တွင် ဖော်ပြခဲ့ခြင်းမရှိခဲ့သောကြောင့် ကျင်းပပြီးစီးခဲ့သည့် လွှတ်တော်၌ လွှတ်တော် ကိုယ်စားလှယ်များက ထောက်ပြပြောဆိုခဲ့ခြင်းများ ရှိခဲ့သည်။

အစိုးရမှ ရင်းနှီးမြှုပ်နှံထည့်ဝင်ထားသည့် ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီလိမီတက် (YBPC)သည် ယခင် BRT Lite ဘတ်စ်ကားကုမ္ပဏီဖြစ်ပြီး ကုမ္ပဏီ၏ဥက္ကဋ္ဌမှာ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ အတွင်းရေးမှူး ဒေါက်တာ မောင်အောင် ဖြစ်သည်။

ယင်းအပြင် အစိုးရမှ နောက်ထပ် ရင်းနှီးငွေ ထည့်ဝင်ထားသည့် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (YUPT) သည် ယခင် မထသ အဖွဲ့ဝင်များ တည်ထောင်ထားသည့် ကုမ္ပဏီဖြစ်ပြီး လက်ရှိ YBS စနစ်တွင် ယာဉ်လိုင်း ၂၂ လိုင်း တာဝန်ယူပြေးဆွဲနေသည့် ကုမ္ပဏီဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)ကို ၂၀၁၆ခုနှစ် ဇူလိုင်လ (၈)ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး နာယကအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဥက္ကဌအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးလျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်၊ အတွင်းရေးမှူးအနေဖြင့် ဒေါက်တာမောင်အောင်တို့ တာဝန်ယူဆောင်ရွက်နေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags