ဒုက္ခသည်တို့ကို ကူညီအားပေးနိုင်မည့် အခွင့်အလမ်း (အင်တာဗျူး)

ဒုက္ခသည်တို့ကို ကူညီအားပေးနိုင်မည့် အခွင့်အလမ်း (အင်တာဗျူး)
မကြာသေးမီက ရန်ကုန်မြို့တွင် တွေ့ရသော ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တာဝန်ခံတစ်ဦးဖြစ်သူ ဒေါ်ခွန်ဂျာ (ဓာတ်ပုံ - ဇာနည်ဝင်း/Myanmar Now)

 

ခရစ်စမတ်ကာလတွင် ပွဲတော်ကျင်းပပြီး စားသောက်ဖွယ်ရာများ သုံးဆောင်ရေး ဆိုသည်မှာ ဒုက္ခသည်တိုင်း လက်လှမ်းမီနိုင်မည်မဟုတ်ပေ။ ဤအခြေအနေတွင် ဒုက္ခသည်စခန်းရောက်နေသူများကို ခရစ်စမတ်ကာလ စိတ်ဓာတ်ခွန်အားပေးနိုင်ကြရန် ကချင်ငြိမ်းချမ်းရေးကွန်ရက်က စီစဉ်လျက်ရှိသည်။

တပ်မတော်က KIA/KIO အပါအဝင် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် အခြေစိုက် သူပုန်အဖွဲ့တချို့နှင့် တိုက်ပွဲ မကြာခဏ ဖြစ်ပွားရာမှ အရပ်သားအများအပြား ဒုက္ခသည်စခန်းရောက်ကြရပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေကြရသည်။

သတင်းထောက် ဖြိုးသီဟချိုက ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ဂျာကို မကြာသေးမီက တွေ့ဆုံစဉ် အဆုံးမသတ်နိုင်သေးသောပြည်တွင်းစစ်ကြောင့်   မြန်မာပြည်မြောက်ပိုင်းမှ   နေရပ်စွန့်ခွာရသူတို့အကြောင်း မေးမြန်းထားသည်။

မေး။   ။ မြန်မာပြည်မြောက်ပိုင်းမှာ ဒုက္ခသည်နဲ့ ဒုက္ခသည်စခန်းအရေအတွက် ဘယ်လောက်ရှိနေပြီလဲ။

ဖြေ။     ။ ဒုက္ခသည် တစ်သိန်း သုံးသောင်း ပတ်လည်မှာ ရှိနေတယ်။   စခန်းကတော့ ခုချိန်ထိ တရားဝင် အမည်ပေါက် အသိအမှတ်ပြုခံရတာ ၁၆၇ ခု ရှိနေတယ်။    ရှမ်းပြည်နယ်မြောက်ပိုင်းမှာ …  ဥပမာ ပလောင်တွေဆိုရင် တိုက်ပွဲဖြစ်ရင် ဘုန်းကြီးကျောင်းကို သွားလိုက်တယ်၊ တစ်လကျော်လောက် နေတယ်၊ ပြီးရင် ရွာကို ပြန်သွားလိုက်တယ်။ (တိုက်ပွဲ) နောက်တစ်ခါပြန်ဖြစ်ရင် ဘုန်းကြီးကျောင်းကို ပြန်သွားတယ်။ အဲဒီအခါကျတော့ ဒုက္ခသည် စခန်းအနေနဲ့ အသိအမှတ်ပြု မခံရ၊  ပံ့ပိုးမှုကလည်း မရဘူးပေါ့။

မေး။   ။ ဒုက္ခသည်စခန်းတွေရဲ့ အဓိက လိုအပ်ချက်က ဘာလဲ။

ဖြေ။     ။  လိုအပ်ချက်ကအစုံ ဖြစ်သွားပြီ။   နံပတ်တစ်ကတော့ အစားအစာ ရိက္ခာပေါ့။ အရင်က  တစ်လလုံးမှာ ဟင်းဖိုး တစ်ယောက်ကို ကိုးထောင်လောက်ရတယ်၊ အခုဆိုရင် (အဲဒီနှုန်းထား) မရတော့ဘူး။ ၁၆ နှစ်အောက် ကလေးတွေနဲ့ ၆ဝ အထက် လူကြီးတွေပဲ ရတော့တယ်၊ ကြားမှာ အလုပ်လုပ်နိုင်တယ်လို့ သတ်မှတ်ထားတဲ့ လူတွေကတော့ ဟင်းဖိုးကို မရှိဘူး ဖြစ်သွားတယ်။

ဆန်ဆိုရင်လည်း အရင်တုန်းက တစ်ယောက် ၆ပြည်နှုန်း ပေးတယ်။ အခု မပေးနိုင်တော့ဘူး။ အစိုးရထိန်းချုပ်တဲ့ နေရာ မြစ်ကြီးနား၊ ဗန်းမော်၊ ဝိုင်းမော်၊ မိုးမောက် … ဒီလေးမြို့မှာက ဆန်ဆိုရင် ပုံမှန် နီးပါး (ထောက်ပံ့တယ်)၊ ပြတ်သွားတဲ့လတော့ မရှိဘူး၊ (ထောက်ပံ့မှု)  နည်းတာများတာပဲ ရှိတယ်။ KIO ထိန်းချုပ်ထားတဲ့ နယ်မြေတွေနဲ့ ဒုက္ခသည်စခန်း နာမည်ပေါက်မရှိတဲ့နေရာမှာဆိုရင်တော့ မရတော့ဘူး။ မရတဲ့ အခါမှာ ဒီဒုက္ခသည်တွေက ရရာ အလုပ်ဝင်လုပ်လာတာက ပြသနာတစ်ခုဖြစ်နေတယ်။ မြစ်ကြီးနားနဲ့ ဗန်းမော်ဆိုရင် အခြားအလုပ်အကိုင် အခွင့်အရေးက မရှိဘူး။ မရှိတဲ့ အခါမှာ စျေးမှာကုန်ထမ်းတာက စပြီး ဆေးရုံမှာ သန့်ရှင်းရေးလုပ်တာ၊ လမ်းခင်းတာတွေက စပြီး ဒုက္ခသည်တွေကဝင် လုပ်တယ်။ အဲဒီအခါ မြို့မှာ အရင်ကတည်းက ရှိပြီးသားလူတွေကို သူတို့တွေက လာပြီးတော့ ယှဉ်ပြိုင်လာကြသလိုဖြစ်နေတယ်။

မေး။   ။ စခန်းထဲက ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေး အခြေအနေတွေကို ပြောပြပေးပါ။

ဖြေ။     ။ ရိက္ခာ ထောက်ပံ့မှုမရတဲ့အခါမျိုးမှာ ကလေးတွေကိုလာပြီး ထိခိုက်တယ်။ မိဘတွေ အလုပ်လုပ်ကြတဲ့အခါ၊ ဒီကလေးတွေကိုု စောင့်ရှောက်မယ့်သူမရှိတဲ့အခါ ကလေးတွေ အထူးသဖြင့် ဆယ်ကျော်သက်တွေက ကျောင်းထွက်ပြီး မိဘတွေနဲ့ အတူ အလုပ်သွားလုပ်ကြတာ တွေ့ရတယ်။

ကျွန်မတို့ အောက်တိုဘာမှာ အကဲဖြတ်တယ်။ ကျောင်းလာအပ်တဲ့ဦးရေက မနှစ်ကထက် ၁ဝ ရာခိုင်နှုန်းလောက် လျော့နေတယ်။   အောက်တိုဘာလမှာ ၂ဝ ရာခိုင်နှုန်းက  ကျောင်းပြန်ထွက်သေးတယ်၊ နှစ်ကုန်တဲ့အထိ ဘယ်နှစ်ယောက်ကျန်မလဲ။ ပညာရေးနဲ့ ပတ်သက်ပြီး လုံးဝကို ကျသွားတဲ့ သဘောမျိုးဖြစ်တယ်။ ကျောင်းသားတွေအတွက် စာအုပ် ဝေမယ်လို့ပြောရင်တောင်မှ စနေ၊ တနင်္ဂနွေမှာ သွားဝေရင် ကလေးတွေက စခန်းမှာ မရှိဘူး၊  ရရာ အလုပ်ကို လုပ်နေကြရတယ်။ စားဖို့က ပုံမှန် မရှိတဲ့ အတွက်ကြောင့် အဲဒီလိုဖြစ်နေတာ။

တစ်နှစ်လုံးနေမှ အနွေးထည်တစ်ထည်၊  ကျောင်းစိမ်းတစ်ထည် မဝယ်နိုင်ဘူး။ တစ်နှစ်လုံး နေလို့မှ အသားဟင်းတစ်ခွက် မစားရတဲ့ ကလေးမျိုးတွေတောင်မှ ရှိနေတယ်။ အဲဒီလိုကလေးတွေက ကျောင်းထွက်ပြီး ရရာအလုပ် လုပ်ရသလို၊ ဂိုဏ်းလိုမျိုးလည်း ဖြစ်လာတယ်။ မြစ်ကြီးနားမြို့မှာ တစ်ခါတစ်ခါ ဆိုင်ကယ်လုတယ် ဆိုတာမျိုးမှာ ဒီလိုကလေးမျိုးတွေ ပါလာတာမျိုး ဖြစ်လာတတ်တယ်။ မြို့နေလူထုကလည်း မကြိုက်တော့ဘူး။

ပိုဆိုးတာက တစ်ခါတစ်လေမှာ သူတို့က လူအုပ်စုကြီးဖြစ်နေတယ်။ နဂိုရွာသားတွေက ထင်းအတွက် ဆိုရင် သူတို့တောနဲ့ သူတို့  (အဆင်ပြေတယ်)။ ဒါပေမယ့် ဒီလူအုပ်ကြီး ရောက်လာတဲ့ အခါမှာ တောတွေက တစ်ခါတည်း ရှင်းသွားတယ်၊ ထင်းမီးက တအားသုံးရတာ။ ကြာတော့ ထင်းခွေတာ၊ ကွန်ပစ်တာနဲ့တောင်မှ ရွာသားနဲ့ စခန်းကလူတွေနဲ့ ပြဿနာဖြစ်တယ်။

မေး။   ။ ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ ဘယ်လောက်ကြာနိုင်မလဲ။

ဖြေ။     ။ ဒါကဒေသအလိုက်အပေါ်မှာ မူတည်ပါတယ်။ ၂ဝ၁၄နှစ်ကုန်မှာ ကောက်ထားတဲ့ အချက်အလက်အရ ၃၆၇ ရွာ စာရင်း ရပါတယ်။ အဲဒီ စာရင်းထဲမှာ တချို့ရွာတွေက လုံးဝဖျက်ဆီးခံလိုက်ရတဲ့ ရွာမျိုးတွေ။ ဒီရွာတွေကတော့ ရည်ရွယ်ချက်ရှိရှိ ဖျက်သွားတာပေါ့၊ တချို့ရွာတွေကတော့ ဘယ်လိုမှ ပြန်လာလို့ မရတော့တဲ့ ရွာမျိုးတွေ။ နဂိုကတည်းက ကျေးရွာ အဆောက်အဦတွေက သစ်တွေ၊ ဝါးတွေနဲ့ ဆောက်လုပ်ထားပြီး လူမနေတာကြာတာကြောင့် လုံးဝပျက်စီးသွားတာမျိုးပေါ့။ ရဝရာခိုင်နှုန်းလောက် ရွာတွေက လူပြန်လာမနေလို့ရတဲ့ ရွာမျိုးတွေဖြစ်နေတယ်။ ဥပမာ အားဖြင့်ဆိုရင် မြစ်ကြီးနား-ဗန်းမော်လမ်းတစ်လျှောက်က နမ်ဆမ်ရမ်လို ရွာတွေဆိုရင် အစိုးရက ပြန်နေပါဆိုပြီး ခွင့်ပြုလိုက်ရင်တောင် ပြန်လာနေဖို့ခက်တယ်။ အောက်မှာ မိုင်းတွေ ဘယ်လောက်တောင်ရှိနေပြီလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ ခုချိန်ဆို လိမ္မော်သီး တအား ပေါတယ်။ ဒါပေမယ့် မခူးရဲဘူး။ မိုင်းနင်းမိမှာ ကြောက်နေရတယ်။

မေး။   ။ KIO ထိန်းချုပ်နယ်မြေထဲ စခန်းဘယ်လောက်ရှိသလဲ။   

ဖြေ။     ။ လူဦးရေနဲ့ဆိုရင်တော့ KIO ထိန်းချုပ်နယ်မြေထဲမှာက ပိုများပါတယ်။ စခန်းအရေအတွက်ကတော့ နည်းတယ်။ KIOဘက်မှာ ရှိတဲ့ စခန်းတွေကို ဒီဘက်ကနေထောက်ပံ့ဖို့ ခွဲတမ်းရှိတယ်ဆိုရင် တောင်မှ တပ်မတော်က ခွင့်ပြုမှုမရှိတဲ့ အခါမှာ (ကူညီရေးယာဉ်တန်း) ထွက်လို့မရဘူးပေါ့။ အဲဒီလို ထွက်လို့မရတာ ၂ဝ၁၆ စက် တင်ဘာလ ကတည်းက စတာ။ ခုဆိုရင် တစ်နှစ်တောင် ကျော်သွားပါပြီ။

မေး။   ။ မတရားအသင်းဆက်သွယ်တဲ့ ဥပဒေကြောင့်ဖမ်းဆီးခံရတာတွေရှိနေပါတယ်။ KIO နယ်ထဲက ဒုက္ခသည်စခန်းတွေအရေး လုပ်ကိုင်ရာမှာ စိတ်မပူဘူးလား။

ဖြေ။     ။ ကျွန်မတို့ အများကြီး စိတ်ပူရပါတယ်။  ကျွန်မ တစ်ယောက်တည်းတင် မကဘူး၊ ဒုက္ခသည်တွေအတွက် အလုပ်လုပ်ပေးနေတဲ့လူတွေ အားလုံးအတွက် စိတ်ပူမိတယ်။ အထူးသဖြင့် အခု ဒီ ခရစ်စမတ်ရာသီဆိုရင် ကလေးတွေအားလုံး  စခန်းတွေကို လှည့်ပြီးတော့ သီချင်းဆိုကြတယ်၊ သူတို့အတွက်ပါ စိတ်ပူရတယ်။ လုပ်မယ်ဆိုလုပ်လို့ရတယ်။  ဖမ်းချင်လည်း ဖမ်းလို့ရတဲ့ သဘောမျိုး ရှိတယ်။

မေး။   ။ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒုက္ခသည်တွေအတွက် ခရစ်စမတ်အစားအစာ အလှူခံနေတဲ့အကြောင်း ရှင်းပြပေးပါ။

ဖြေ။     ။ ကျွန်မတို့လုပ်တာဆိုရင် ဒါ တတိယအကြိမ်ဖြစ်ပြီပေါ့။ ကချင်တွေ အားလုံးနီးပါးက ခရစ်ယာန်တွေ ဖြစ်ကြတယ်။ ခရစ်စမတ် ပွဲတော်လုပ်တဲ့ အခါမှာ တချို့နေရာမှာက တစ်ယောက်ယောက်က အလှုပေးရင်သော်လည်းကောင်း၊ နီးစပ်ရာ ဘုရားကျောင်းတစ်ခုခုက ပေးနိုင်ရင် သော်လည်း ကောင်း သူတို့တွေအနေနဲ့ ကောင်းကောင်း ကျင်းပလို့ရတယ်။ တချို့စခန်းတွေက လုံးဝမရှိတဲ့ အခါမှာ ဘုရားရှိခိုးတာလေးပဲ လုပ်နိုင်တယ်။ အဲဒါက  သူတို့ကို စိတ်ဓာတ်ကျစေတယ်။ သူတို့ မူလရွာမှာတုန်းက ကျွဲ၊ နွား ပေါ်ပြီးတော့ တစ်ရွာလုံး စုပေါင်းခရစ်စမတ် ဆိုပြီးလုပ်၊  ဒီမှာ ဘာဆိုဘာမှမရှိတဲ့ဟာမျိုး ဖြစ်သွားတဲ့ အခါကျတော့ သူတို့  ပိုပြီးတော့ စိတ်ဓာတ်ကျစေတယ်။   သူတို့ကို သတိရတဲ့လူတွေ ရှိသေးတယ်ဆိုတာ ပြနိုင်ဖို့ ဒါဟာ အခွင့်အလမ်း အကောင်းဆုံး ဖြစ်တယ်။

မေး။   ။ ခရစ်စမတ်အစားအစာကို ဘယ်လိုပုံစံနဲ့ ပေးပို့သွားမှာလဲ။

ဖြေ။     ။ ကျွန်မတို့က ငွေသားပဲ ပို့လိုက်တယ်။ စခန်းတွေကို ဦးဆောင်ပြီး လုပ်ကိုင်နေတဲ့ အဖွဲ့တွေနဲ့လည်း ပူးပေါင်း ဆောင်ရွက်တယ်။   ဘုံရန်ပုံငွေ ဘယ်လောက်ရှိသေးတယ်ဆိုတဲ့ စခန်းတွေကိုတော့ ဦးစားမပေးဘူး၊ အဝေးဆုံး အလိုအပ်ဆုံး စခန်းတွေကို ဦးစားပေးလိုက်တယ်။ ဟိုမှာ ဘယ်ဟာကို ဘာအတွက် သုံးစွဲတယ်ဆိုတဲ့ ငွေရှင်းတမ်း ကျွန်မတို့ကို ပြန်လွှဲပေး။ အဲဒီ လိုပုံစံမျိုး လုပ်လိုက်တယ်။

စစ်ဘေးရှောင်တစ်ဦး အတွက် ထမင်းတစ်နပ်စာ ကျပ် ၁,ဝဝဝ သို့မဟုတ်  ၁ ဒေါ်လာ လှူဒါန်းနိုင်ပါသည်။

လှူဒါန်းနိုင်သည့် နည်းလမ်းတချို့

  • ဖော်ပြထားသော ဘဏ်စရင်းသို့အလှူငွေလွှဲပေးခြင်း၊
  • ကချင် ငြိမ်းချမ်းရေးကွန်ယက်သို့ဆက်သွယ်ခြင်း။

ဆက်သွယ်ရန်။ Concern, Care and Contribute to IDPs NOW

လိပ်စာ။ အမှတ် ၂၂၊ ၃လွှာ၊ ကြံခင်းလမ်း၊ ရန်ကုန်၊ မြန်မာ။

အီးမေးလ်။ cccforidps@gmail.com

Phone:+95 94211 16 714, 09 2562 40 990, 09 2500 82 779, 09 9723 43 050

Bank:AYA Bank
Number: 014 420 201 001 0523
Holder’s name: Daw Zin Zin Kyaw + 1

 

Mizzima Weekly