အမေရိကန်နှင့် မက္ကဆီကိုကြား ရေအောက်ဥမင် လိုဏ်ခေါင်းဖြတ်လျှက် မူးယစ်ဆေးခိုးသွင်းသူ အမေရိကန်ရဲက ဖမ်းဆီး

အမေရိကန်နှင့် မက္ကဆီကိုကြား ရေအောက်ဥမင် လိုဏ်ခေါင်းဖြတ်လျှက် မူးယစ်ဆေးခိုးသွင်းသူ အမေရိကန်ရဲက ဖမ်းဆီး
မက္ကဆီကိုမှ ကယ်လီဖိုးနီးယားသို့ ဆက်သွယ်ထားသည့် ဥမင်လိုဏ်ခေါင်း ထွက်ပေါက်။ ဓာတ်ပုံ - စီအင်အင်။

ကလက်ဆီကို၊ သြဂုတ်-၂၀ ။          ။ မကြာသေးမီက အမေရိကန်ပြည်ထောင်စုနှင့် မက္ကဆီကိုကြား နယ်စပ်ခြံစည်းရေးခတ်ရေးကိစ္စနှင့်ပတ်သက်ပြီး နိုင်ငံရေးသမားများကြားတွင် အပြောအဆိုများ လာခဲ့သော်လည်း ကယ်လီဖိုးနီးယားတွင် အခိုင်အခံ့ရှိနေပြီးသား ခြံစည်းရိုးကမူ တစ်ယောက်သောသူကို မတားဆီးနိုင်ခဲ့သလို ခြံစည်းရိုးအောက်မှ တံခါးမရှိဓားမရှိ ဝင်ထွက်နေသည့် မူးယစ်ဆေးများ ကိုလည်း တားဆီးခြင်းငှာ မစွမ်းနိုင်ခဲ့ပေ။

အမေရိကန် ရှေ့နေရုံး၏ သတင်းထုတ်ပြန်ချက်အရ ဟွန်ဒူးရပ်နိုင်ငံသားတစ်ယောက်မှာ ရေငုပ်ဝတ်စုံကို ဝတ်ဆင်လျှက် ကိုကိန်း၅၅ပေါင်ကို မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စု ကြားရှိရေအောက် ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ခိုးသွင်းခဲ့သည်ဟု ဆိုသည်။

အီဗယ်လီယို ပါဒီလာ ဇီပီဒါဆိုသူကို ဖြန့်ဖြူးရောင်းချရန်ရည်ရွယ်၍ ကိုကိန်းများ လက်ဝယ်ပိုင်ဆိုင်ထားမှုဖြင့် ဆန်ဒီယေဂို ဖက်ဒရယ်တရားရုံးက ဗုဒ္ဓဟူးနေ့တွင် ထောင်ဒဏ် အနှစ်၂၀ချမှတ်လိုက်သည်။

ဧပြီလက နယ်စပ်စောင့်ဧဂျင့်များက ပါဒီလာ ဇီပီဒါကို ရေငုပ်ဝတ်စုံဖြင့် ရေများရွှဲနစ်လျှက် ကယ်လီဖိုးနီးယား၊ ကလက်ဆီကိုရှိ အောအမေရိကန် တူးမြောင်းတစ်လျှောက်တွင် တွေ့ရှိခဲ့ကြရာ သူနှင့်အတူ လက်ဆောင်ထုတ်ပုံစံ ထုပ်ပိုးထားပြီး ချိတ်ပိတ်ထားသည့် ကိုကိန်း၂၅ထုပ်၊ ရေငုတ်အောက်ဆီဂျင်ဗူး၊ ရေငုပ်ကိရိယာများကိုပါ လက်ဝယ်တွေ့ရှိခဲ့ကြသည်။

တစ်ဖန် ဧဂျင့်များက ခြေရာခံကြည့်ရာမှ မက္ကဆီကို၊ မက်ဆီကာလီမှ အစပြုပြီး နယ်စပ်စည်းအောက်မှ ဖြတ်သန်းကာ ကယ်လီ်ဖိုးနီးယားတူးမြောင်းတွင် အဆုံးသတ်သည့် ဥမင်လိုဏ်ခေါင်း ကိုတွေ့ရှိခဲ့ကြ သည်။ ကယ်လီဖိုးနီးဘက်ခြမ်းရှိ လိုဏ်ခေါင်းထွက်ပေါက်မှာ ရေအောက်တွင် တစ်ဝက်နစ်မြှုပ်နေပြီး ကျောက်ဆောင်များနောက်ကွယ်တွင် ဖုံးကွယ်နေသည်။

ပါဒီလာ ဇီပီဒါက ရုံးတော်တွင် ထွက်ဆိုရာတွင်  ကိုကိန်းများကို တူးမြောင်းကိုဖြတ်သန်းလျှက် အခြားတစ်ဖက်သို့ ပို့ဆောင်နိုင်ရန်အတွက် ရေငုပ်ကိရိယာများကို အသုံးပြုရန် စီစဉ်ထားသည်ဟု ဆိုသည်။ရေအောက်တွင် ကြာရှည် ပုန်းအောင်းနေနိုင်စေရန်အတွက် အမြှုပ်မထွက်သည့် အသက်ရှူကိရိယာ အောက်စီဂျင်ဗူး နှစ်ဗူးလည်း ပါလာသည်ဟု ဆိုသည်။

 ‘မူးယစ်ဆေးမှောင်ခိုသမားတွေက သူတို့ပစ္စည်းတွေကို နည်းမျိုးစုံသုံးပြီး သယ်နေကြတာ ရေအောက်ဥမင်လိုဏ်ခေါင်းထဲတောင် ရေငုပ်နေကြတယ်။ မူးယစ်မှောင်ခိုသမားတွေရဲ့ ဉာဏ်နီဉာဏ်နက်တွေကို ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ သန္နိဌာန်နဲ့ပဲ ယှဉ်ပြိုင်နိုင်မယ်’’ဟု အမေရိကန်အစိုးရရှေ့နေ လောရာ ဒပ်ဖီက ပြောကြားခဲ့သည်။

ပါဒီလာ ဇီပီဒါက လူသုံးယောက်ကို တူးမြောင်းကို ဖြတ်သန်းပို့ဆောင်ပေးရန် သူ့ကို ကန်ဒေါ်လာ ၇၀၀၀ဖြင့် ငှားရမ်းခဲ့ခြင်းဖြစ်သော်လည်း နောက်ပိုင်းတွင် လူအစား အထုပ်များဖြစ်နေကြောင်းနှင့် တခြားရွေးချယ်စရာမရှိ၍ လုပ်ခဲ့ရကြောင်း ရုံးတော်တွင် ထွက်ဆိုခဲ့သည်။ ပါဒီလာ ဇီပီဒါကို ဒီဇင်ဘာလတွင် စီရင်ချက်ချမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly