မန္တလေးတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအတွက် လာမည့်နှစ်တွင် အထပ်မြင့်တိုက်ခန်းများ ဆောက်ပေးမည်

မန္တလေးတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအတွက် လာမည့်နှစ်တွင် အထပ်မြင့်တိုက်ခန်းများ ဆောက်ပေးမည်

မန္တလေး ၊ ဒီဇင်ဘာ ၁၄ ။           ။ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များနေထိုင်ရန်အတွက် လာမည့် ဘဏ္ဍာနှစ်တွင် တိုက်ခန်းများတည်ဆောက်ပေးသွားမည်ဟု အစိုးရအဖွဲ့၊လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။

"ဦးစားပေးလိုအပ်တဲ့နေရာတွေမှာ တပ်ဖွဲ့ပိုင်မြေနေရာပေါ်မူတည်ပြီး အထပ်မြင့်အဆောက်အဦးများ ဆောက်လုပ်ဖို့ စီစဉ်ထားပါတယ်။"ဟု ဗိုလ်မှူးကြီးကျော်ကျော်မင်းကပြောသည်။

မန္တလေးတိုင်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များအတွက် နေအိမ်လိုင်းခန်းများတိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းများကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၄ခန်းတွဲ၊နှစ်ထပ်၊ ၅ လုံးနှင့် ၆ ခန်းတွဲနှစ်ထပ် ၂လုံးတို့ တည်ဆောက်ပေးခဲ့ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၄ခန်းတွဲနှစ်ထပ် ၅ လုံး၊ ၆ ခန်းတွဲ နှစ်ထပ် ၂လုံးတို့ တည်ဆောက်ပေးခဲ့သည်။

၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အတွက်တွင် ၆ခန်းတွဲနှစ်ထပ် ၁လုံးတို့ကိုတည်ဆောက်ပေးလျှက်ပြီး လာမည့် ဘဏ္ဍာနှစ်တွင်လည်း ဦးစားပေးလိုအပ်သည့် နေရာများကို တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်အများစုသည် နေအိမ်လိုင်းခန်းများ မလုံလောက်ခြင်းကြောင့် မိသားစုရှိသည့် ရဲတပ်ဖွဲ့ဝင်များသည် အပြင်တွင် အိမ်များငှားရမ်းနေထိုင်ရခြင်းကြောင့် အခက်အခဲများ ဖြစ်ပေါ်လျှက်ရှိကြောင်းလည်းသိရသည်။

တစ်ချို့ရဲစခန်းများသည် အင်္ဂလိပ်လက်ထက်က အဆောက်အဦများနှင့်ဟောင်းနွမ်းဆွေးမြေ့သောလိုင်းခန်းများ ဖြစ်သောကြောင့်လည်း နေထိုင်ရန် အခက်အခဲများရှိကြောင်းသိရသည်။

"ရဲတပ်ဖွဲ့ဝင်တိုင်းက အိမ်ခန်း မရပါဘူး။တစ်ချို့က အိမ်ငှားနဲ့နေရတဲ့အခါမှာ မန္တလေးမြို့ရဲ့ အိမ်ငှားဒုက္ခက အလွန်ကြီးပါတယ်။အဲဒီ ရဲတပ်သားတွေရဲ့ဒုက္ခက မသေးပါဘူး။ဒါကြောင့် လိုင်းခန်းတွေ လုံလောက်အောင် ဆောက်ထားပေးသင့်ပါတယ်။"ဟု အောင်မြေသာစံမြို့နယ်၊မဲဆန္ဒနယ်အမှတ်(၂)မှတိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦးက ပြောသည်။

ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ နေထိုင်ရန်အဆောက်အဦး၊ ပညာရေး၊ကျန်းမာရေးတို့ကို ဖြည့်ဆည်းလုပ်ဆောင်ပေးရန်အတွက် ဒီဇင်ဘာလ ၁၃ ရက်နေ့က ကျင်းပပြီးစီးသွားသည့် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးတွင်လည်း ဒေါက်တာကျော်ဦးက အစိုးရအဖွဲ့ကို မေးမြန်းမှုများ ပြုလုပ်ထားသော်လည်း ကျေနပ်အားရသည့် အဖြေမရကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly