သွားလာလှုပ်ရှားခွင့်တွေကလည်း ပေါ်ပေါက်လာမယ်

သွားလာလှုပ်ရှားခွင့်တွေကလည်း ပေါ်ပေါက်လာမယ်

ဒေါက်တာဝင်းမြတ်အေးနှင့် အင်တာဗျူး

မေး ။        ။ မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အရ ရှေ့လလောက်ဆိုရင် ဘင်္ဂလားဒေ့ရှ်က လူတွေပြန်လာကြတော့မှာပေါ့။ ဆိုတော့ အစိုးရဘက်က ဘာများပြင်ဆင်ထားလဲ။

ဖြေ ။        ။ ဒါနှစ်နိုင်ငံ ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူစာချုပ်အရက စာချုပ်လက်မှတ်ထိုးပြီး ၂ လအတွင်း လက်ခံရမယ်လို့ ရှိတယ်။ အဲ့ဟာအတိုင်းဆိုရင်တော့ ဇန်နဝါရီ နောက်ဆုံးအပတ်လောက်ဖြစ်မှာပေါ့။ ဒီစာချုပ် မတိုင်ခင်တည်းကလည်း ပြန်လည်လက်ခံမယ်ဆိုပြီး။ ထွက်သွားကတည်းက ပြန်လည်လက်ခံဖို့ဆိုတာ ပြောပြီးသား။ နိုင်ငံတော်အကြီးအကဲတွေကလည်း ဆုံးဖြတ်ချက်ချပြီးသားဖြစ်နေတော့ အဲ့ဒီထဲက ကျွန်တော်တို့ စပြီးပြင်နေတာပါ။ အခုလက်ခံရေးစခန်း ၂ ခုကတော့ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ။ ကုန်းလမ်းနဲ့ ရေလမ်းပေါ့။ အဲ့နှစ်ခုမှာတော့ အဆောက်အဦးအရင် အဟောင်းတွေရှိတာကိုပြင်တယ်။ တည်ဆောက်တယ်။ ဒါတွေ လုပ်နေတယ်။ သူ့ သတ်မှတ်ချက်မှီအောင်တော့ ကြိုးစားအားထုတ်နေတယ်ပေါ့။ အဲဒါပြီးရင် နောက်တစ်ခုက ကြားစခန်း ဆိုတာရှိသေးတယ်။ ကြားစခန်း လက်ခံရေးစခန်းကတော့ တစ်ရက် (သို့မဟုတ်) နှစ်ရက်ထက် မပိုဘူးပေါ့။ ကြားစခန်းမှာကျတော့ အချိန်အနည်းအငယ်ပေါ့။ သို့သော် ၂၀၁၂ ကဖြစ်ခဲ့တဲ့ အဖြစ်အပျက် လိုတော့ နှစ်ပေါင်းများစွာကြာတဲ့ နေရာမျိုးတော့ မဟုတ်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ သူတို့က အိမ်ရှိတဲ့သူက အိမ်ပြန်လို့ရတာပဲ။ အိမ်မရှိတဲ့သူအတွက် မီးလောင်သွားတဲ့ အိမ်တွေအတွက်ကလည်း ပြန်လည်ဆောက်လုပ်ရေးတွေကို စနေပြီဆိုတဲ့ အတွက်ကြောင့် သူဟာနဲ့သူအဆင်ပြေသွားမယ့်သဘော ရှိပါတယ်။ အဲဒါတွေအတွက်ကို ပြင်ဆင်တယ်။ ပြန်ဝင်လာတော့ ဒီ ကြားထဲမှာ အကူအညီ အထောက်အပံ့ ပေးတာဆိုတာတော့ ပါနေရဦးမှာပေါ့။ ဒါအတွက်လည်း UEHRD နဲ့သွားတာဖြစ်တဲ့အတွက် UEHRD မှာ ဒါပါပြီးသားပဲ။ ဆိုတော့ ဒီဘက်ကလုပ်သင့် လုပ်ထိုက်တာအကုန်လုပ်ထားပါတယ်။ နောက်ပြီးတော့ တောက်လျှောက်ကြီး အကူအညီ အထောက်အပံ့က ပေးနေလို့လည်းမရဘူး။ ပေးလို့လည်း အဆင်မပြေဘူး။ အဲ့တော့ ဘာလဲဆိုတော့ အလုပ်အကိုင်အခွင့်အလမ်းဖော်ဆောင်ဖို့နဲ့ စားဝတ်နေရေးအတွက် လုပ်ကိုင် စားသောက်ဖို့ဆိုတာ ဖန်တီးဖို့ပဲလိုတယ်။ နဂိုကလည်း ရေမြေ သဘောဝ ဒီလောက်ကောင်းတဲ့နေရာမှာ ဖြစ်တဲ့အတွက်ကြောင့် ဒါတွေအတွက်ကတော့ သူတို့နေရာပြန်ချမယ်ဆိုတဲ့နေရာတွေကလည်း မူလအလုပ်အကိုင်နဲ့မလှမ်းတဲ့နေရာတွေဖြစ်တဲ့အတွက်ကြောင့် ဒါတွေက သူ့ဟာသူအဆင်ပြေသွာမှာပါ။

မေး ။        ။ သူတို့ နေထိုင်၊ လုပ်ကိုင်စားသောက်ဖို့ အတွက်ရော အစိုးရအနေနဲ့ ဘယ်လိုစီမံထားတာရှိမလဲ။ စိုးရိမ်စရာမလိုဘူးဆိုတော့ သဘောလား။

ဖြေ ။        ။ ဒါကတော့ ကျွန်တော်တို့ UEHRD မှာလည်း စီးပွားရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ၊ တိုးချဲ့ဆောင်ရွက်မယ့်ကိစ္စတွေ ဒါတွေ ဒါတွေကရှင်းလင်းတင်ပြပြီး သားဖြစ်နေတော့ ဒါတွေကို ဆောင်ရွက်တာ ကတော့ ရေရှည်ဖွံဖြိုးတိုးတက်မှုလည်းပါတယ်။ လတ်တလော စားဝတ်နေရေးအတွက်ကို အကူအညီပေးတာ ကနေပြီးတော့ ဖွံဖြိုးရေးကို ပြောင်းသွားမယ့်ကိစ္စမှာလည်း ဆောင်ရွက်တာဖြစ်နေတော့ ဒါစီမံချက်မှာတော့ ပါပြီးသားပါ စီမံကိန်းမှာတော့။

မေး ။        ။ ပြန်ခေါ်တာမှာ ဘယ်နှစ်လအတွင်း အပြီးခေါ်ရမယ်လို့သတ်မှတ်ထားတာရှိလဲ။

ဖြေ ။        ။ မရှိပါဘူး။ လုံးဝမရှိပါဘူး။ မရှိဘူးဆိုတာ ကျွန်တော်တို့လည်း မမှန်းတတ်ဘူး။ တစ်ခါမှလည်း ကျွန်တော်တို့ ကြံုဘူးတာလည်းမဟုတ်ဘူး။ သို့သော် အဆင်ပြေနိုင်မယ့် အနေအထားနဲ့တော့ ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ကြားစခန်းဆိုလည်း ခဏထားတဲ့နေရာဖြစ်တဲ့အတွက်ကြောင့် ဒီအချိန်မှာကလည်း ကျယ်ဝန်းတဲ့နေရာကို ရွေးချယ်ထားတာဖြစ်တဲ့အတွက်ကြောင့် အဆင်ပြေမှာပါ။

မေး ။        ။ ပြီးတော့ ပြန်ခေါ်တဲ့ကိစ္စမှာ နှစ်နိုင်ငံသဘောတူညီချက်က ချို့ယွင်းချက်တွေရှိနေတယ်ဆိုပြီး နိုင်ငံတကာအဖွဲ့တွေ ဝေဖန်တာတွေအပေါ် မှတ်ချက်ပေးပါဦး။

ဖြေ ။        ။ ဘယ်ကိစ္စမဆို ရာနူန်းပြည့်တော့ မဖြစ်နိုင်ဘူးပေါ့။ဘင်္ဂလားဒေ့ရှ်ဘက်က သဘောတူညီချက်၊ မြန်မာနိုင်ငံဘက်က သဘောတူညီချက် ဆိုတာ ကိုယ်လိုချင်တဲ့ ၁၀၀၊ ၁၀၀ တော့ ဘယ်ရမလဲ။ အလျော့အတင်းနဲ့ လုပ်ရင်းနဲ့မှ သဘောတူညီချက်ဆိုတာဖြစ်လာတာ။ အဲ့ဒီအတွင်း ကျွန်တော်တို့ သွားနေတာဖြစ်တဲ့အတွက်ကြောင့် ရာခိုင်နှုန်းအပြည့်တော့ မဖြစ်နိုင်ဘူး။

မေး ။        ။ ဟုတ်ကဲ့။ တကယ်လို့ သူတို့ ပြန်ရောက်လာရင် မြန်မာနိုင်ငံအတွင်းမှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ခွင့် အခြေအနေကရော ဘယ်လိုရှိနိုင်မလဲ။

ဖြေ ။        ။ ရောက်လာလို့ရှိရင် NVP ( National Verification Process ) ဆိုတဲ့ နိုင်ငံသားစီစစ်ရေး လုပ်ငန်းထဲကို ၀င်မှာလေ။ ၀င်ဖို့အတွက် နိုင်ငံသားစီစစ်ရေး ကဒ်ဆိုတာတော့ ကိုင်ရမှာပေါ့ ။ မဟုတ်ရင် ဘာမှမရှိဘဲ၊ အထောက်အထားမဲ့ လူသားတစ်ယောက်အနေနဲ့တော့ နေလို့မရဘူးလေ။ ဆိုတဲ့အခါကျတော့ NVC ( National Verification  Card ) ကို ကိုင်ဆောင်ထားရင်းနဲ့ NVC လုပ်ငန်းထဲကို သွားနေလို့ရှိရင် ရသင့်ရထိုက်တဲ့ဟာ သူ့ဟာသူ ရမှာပေါ့။ အဲ့ဒီ့အတိုင်းပဲ သွားလာလှုပ်ရှားခွင့်တွေကလည်း ပေါ်ပေါက်လာမယ် လေ။ အရင်တုန်း ကတော့ ကြန့်ကြာခဲ့တယ်ပေါ့နော်။ အရင်တုန်းကလည်း ဟိုကဒ်ကိုင်တယ်။ ဒီကဒ်ကိုင်တယ်။ စသဖြင့် ဒါတွေ လုပ်ငန်းကြီးက ကြန့်ကြာခဲ့တယ်။ အဲ့လိုတော့ ကျွန်တော်တို့က ကြန့်ကြာခံလို့တော့ မရဘူး။ လျင်လျင်မြန်မြန် သွက်သွက်လက်လက်ပဲ ဖြစ်သင့်ဖြစ်ထိုက်တာဖြစ်မယ်။ မဖြစ်သင့် မဖြစ်ထိုက်တာမဖြစ်ဘူး။ သူ့ဟာသူကွဲသွားမှာပဲ။ အဲ့ဒီ့ ပုံစံနဲ့သွားမယ်ဆိုရင်တော့ လှုပ်ရှားသွားလာခွင့်တွေက အများကြီး ပြောင်းလဲ သွားမှာပါ။

မေး ။       ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ပြောတာပေါ့။ ပြန်ဝင်လာတဲ့သူတွေကို စိစစ်တဲ့အခါမှာ အထောက်အထားတွေကို မပြည့်စုံလည်း လျော့ပေါ့ပေးဖို့ ကိစ္စကိုရော အစိုးရဘက်က ဘယ်လိုမြင်လဲ။

ဖြေ ။        ။ နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာ။ တကယ်တော့ လျော့ပေ့ါပေးသင့်တယ်လို့ ပြောဖို့မလိုလောက် အောင် မလိုပါဘူး။ ဘာလို့လည်းဆိုတော့ နှစ်နိုင်ငံသဘောတူညီချက်အတိုင်းမှာပါတဲ့ဟာတွေက နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မယ့်ကိစ္စတွေ ပဲဖြစ်နေတဲ့အတွက်ကြောင့် လက်တွေ့ကျရင်တော့ သိလာမှာပါ။

မေး ။        ။ ဆရာ့အနေနဲ့ ဖြည့်စွက်ပြောလိုတာရှိသေးလားခင်ဗျ။

ဖြေ ။        ။ ဆက်ပြောလိုတာက။ ကျွန်တော်တို့က နိုင်ငံတော်အစိုးရအနေနဲ့တော့ တာဝန်ရှိတဲ့ကိစ္စတွေကို တော့ တာဝန်ယူ၊ တာဝန်ခံပြီး အကုန်လုံးကို သေသေချာချာဆောင်ရွက်နေတာပဲ။ ဒါကြောင့် မို့လို့ တကယ် ပါ၀င်မယ့်သူတွေသာ ပူးပေါင်းပါ၀င်ဖို့ပဲ လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly