(သပွတ်သီး)ရဲ့ဆေးဖက်ဝင် အာနိသင်များ

(သပွတ်သီး)ရဲ့ဆေးဖက်ဝင် အာနိသင်များ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar.

သပွတ်သီးဟာ သူ့ရဲ့အာဟာရအာနိသင်ကြောင့် အာရှတလွှားနဲ့ အမေရိကန်မှာ စိုက်ပျိုးစားသုံးနေကြတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ သပွတ်သီးကို နုတဲ့အချိန်မှာ ချက်ပြုတ်စားသောက်လို့ရပြီး အသီးကရင့်လာတဲ့အချိန်ကျရင် အရောင်ရင့်လာပြီးအမျှင်တွေယှက်နေတဲ့ သပွတ်အူကို ပန်းကန်ဆေး၊ အိုးတိုက်တဲ့ အစအဖြစ် အသုံးပြုကြပါတယ်။

သူ့မှာ ကာဗိုဟိုက်ဒရိတ်နဲ့ ဗီတာမင် အေ အပြင် ပိုတက်စီယမ်၊မဂ္ဂနိစ်၊ ကော့ပါး၊ ဗီတာမင် B6၊ ဗီတာမင် စီတို့လည်းပါဝင်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ၊ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေနဲ့ အဆီဓာတ်၊ သတ္ထုဓာတ်တွေပါဝင်တဲ့သပွတ်သီးဟာ စွယ်စုံအသုံးဝင်တဲ့သဘာဝပစ္စည်းဖြစ်ပါတယ်။

အလှအပရေးရာမှာဆို အရောင်ကျစေဖို့နဲ့ အသားအရေအဆိပ်ထုတ်ဖို့ သပွတ်သီးအမှုန့်ကို အလှကုန်ပစ္စည်းတွေမှာသုံးကြပါတယ်။ အမျိုးသမီးတွေမှာ ရာသီသွေး ထိန်ရင်လည်း သပွတ်သီးက အကျိုးပြုပါတယ်။ ကလေးငယ်ရှိတဲ့မိခင်တွေမှာလည်း နို့ထွက်များစေတယ်လို့ ဆိုပါတယ်။ တခါတရံကျရင် သပွတ်သီးအတွင်းသားကို အရေပြားမှာပွတ်ပေးရင် အရေပြားဆဲလ်သေတွေကို ဖယ်ရှားပြီး အသားအရေကို ဝင်းလက်စေတယ်လို့ ပြောကြပါတယ်။ သပွတ်အူနဲ့ပြုလုပ်ဖန်တီးထားတဲ့ Luffa charcoal ကို မျက်နှာနဲ့ မျက်လုံးတဝိုက် ရေယုန်တွေပေါ် လိမ်းကြတယ်လို့ လည်း သိရပါတယ်။

သပွတ်သီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ သွေးတွင်းသကြားဓာတ်ကိုလျော့ကျစေပြီး ဝမ်းချုပ်ခြင်းကိုကာကွယ်ပေးတဲ့အပြင် ကိုယ်အလေးချိန်ကိုကျဆင်းစေပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားသန့်စင်ပေးပါတယ်။ ကျန်တဲ့ အာနိသင်တွေကတော့ –

မျက်စိမြင်လွှာယိုယွင်းခြင်းကို ကာကွယ်ပေးပါတယ်။ သပွတ်သီးမှာပါတဲ့ ဗီတာမင်အေကြောင့် မျက်စိနဲ့ပတ်သက်တဲ့ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

နှလုံးကျန်းမာရေးအတွက်ကောင်းပါတယ်။ ဗီတာမင်အေကြောင့်ပဲ မကောင်းတဲ့ ကိုလက်စထရောနဲ့triglycerides ကိုလျော့နည်း စေတဲ့အတွက် နှလုံးရောဂါအန္တရာယ်ကို လျော့နည်းစေပါတယ်။

ဆီးချိုရောဂါကိုကာကွယ်ပေးပါတယ်။ မဂ္ဂနိစ်က အစာချေဖျက်ပေးတဲ့အင်ဇိုင်းတွေကို ထုတ်ပေးရာမှာ အရေးပါတဲ့အတွက် gluconeogenesis အင်ဇိုင်းစနစ်အတွက် အသုံးဝင်ပါတယ်။ မဂ္ဂနိစ်ဟာ အင်ဆူလင်စွန့်ထုတ်မှုကိုမြှင့်တင်ပေးပြီး mitochondrial  လုပ်ဆောင်ချက်တွေကို တိုးတက်စေနိုင်တယ်လို့ သုတေသနတွေ့ရှိချက်တွေက ဖော်ပြပါတယ်။

ကြွက်သားနာကျင်ကိုက်ခဲမှုမဖြစ်စေပါ။ သူ့မှာပါဝင်တဲ့ ပိုတက်စီယမ်က အရည်ဓာတ်တွေကို ငြိမ်စေပြီး ကြွက်သားကို ပြေလျော့စေပါတယ်။ ပိုတက်စီယမ်ချို့တဲ့ရင် ကြွက်တက်ခြင်း၊ နာကျင်ကိုက်ခဲခြင်းနဲ့အကြောဆွဲခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

အဆစ်ရောင်နာကိုသက်သာစေပါတယ်။ သပွတ်သီးမှာ အရောင်ကျစေတဲ့အာနိသင်ပါရှိတဲ့ ကော့ပါးဓာတ်ကြောင့် အဆစ်ရောင်ရောဂါနဲ့ ပတ်သက်တဲ့ တောင့်တင်းမှု၊ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ဒါ့ကြောင့်ပဲ အဆစ်ရောင်ဝေဒနာရှင်တွေက နာကျင်မှုသက်သာစေမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ ကော့ပါး လက်ပတ်တွေဝတ်ဆင်ကြတာဖြစ်ပါတယ်။

သွေးအားနည်းခြင်းကို ကုသနိုင်ပါတယ်။ ဗီတာမင်B6 ကြောင့် သွေးတွင်းဟေမိုဂလိုဘင် ထုတ်လုပ်မှုပိုကောင်းစေပြီး သွေးအားကောင်းစေပါတယ်။

အရေပြားအတွက်ကောင်းပါတယ်။ ဗီတာမင်စီက အရေပြားကျန်းမာရေးအတွက်ကောင်းပြီး အသားအရေခြောက်သွေ့မှု၊ အရေးအကြောင်းဖြစ်ခြင်း၊ အရွယ်မတိုင်မီ ရင့်ရော်ခြင်းတို့ကို တားဆီးပေးပါတယ်။ ဗီတာမင် စီဟာ ကြွက်သား၊အရေပြား၊ သွေးကြောနဲ့ အရွတ်တို့ ဖွဲ့စည်းတည်ဆောက်ဖို့ ပရိုတင်းထုတ်လုပ်မှုမှာ အရေးပါပါတယ်။ နောက်တစ်ချက်ကတော့ အနာကျက်မြန်တာပဲဖြစ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေပါတယ်။ သပွတ်သီးက မဂ္ဂနီဆီယမ်ကြောင့် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို သက်သာစေတာဖြစ်ပါတယ်။ မဂ္ဂနီဆီယမ်က ခန္ဓာကိုယ်ထဲက neurotransmitters တွေကို ထိန်းညှိရာမှာ အထောက်အကူပေးတာကြောင့် အခုလိုအစွမ်းသတ္တိရှိစေတာဖြစ်ပါတယ်။

ဦးနှောက်ကျန်းမာရေးအတွက်လည်း အကျိုးပြုပါတယ်။ ဦးနှောက်ရဲ့လုပ်ဆောင်ချက်ကောင်းမွန်စေဖို့ အောက်ဆီဂျင်လိုအပ်ပါတယ်။ ဒါပေမယ့်သံဓာတ်အလုံအလောက်မရှိရင် ဦးနှောက်ဆီကို အောက်ဆီဂျင်မရောက်နိုင်ပါဘူး။ ဒါ့ကြောင့်သံဓာတ်ချို့တဲ့ခြင်းက သွေးအားနည်းခြင်းအပြင် စိတ်မငြိမ်ခြင်း၊စိတ်တိုလွယ်ခြင်း၊အာရုံမစူးစိုက်နိုင်ခြင်းတို့ကိုပါ ဖြစ်စေနိုင်ပါတယ်။

အမျိုးအစား၂ ဆီးချိုရောဂါ ။ သပွတ်သီးက ဂလူးကို့စ်ရဲ့ဇီဝဖြစ်စဉ်အတွက်လိုအပ်တဲ့ မဂ္ဂနီဆီယမ်ပမာဏ အများအပြားပါဝင်တာကြောင့် အမျိုးအစား၂ ဆီးချိုရောဂါဖြစ်နိုင်ခြေကိုလျော့နည်းစေပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly