လေတပ်ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဟု တပ်ချုပ် ပြော

လေတပ်ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဟု တပ်ချုပ် ပြော
(ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

နေပြည်တော်(ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်)။ ။ သာလွန်သည့် လေကြောင်းစွမ်းအား ဖြစ်လာစေရေးအတွက် မိမိတို့ တပ်မတော်၏ လေတပ်ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

“လေကြောင်းစွမ်းအားသာလွန်မှုကို အသုံးပြုပြီး စစ်ပွဲအောင်နိုင်ရေးအတွက် ပြိုင်ဘက်အပေါ် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် မိမိတို့၏ တပ်များတိုက်စွမ်းရည် ပိုမိုတိုးတက်စေရန်အတွက် လေကြောင်း စစ်ဆင်ရေးကို အဓိကထား အသုံးပြုလာသည်ကိုတွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ကြောင့်သာလွန်သည့် လေကြောင်းစွမ်းအား ဖြစ်လာစေရေးအတွက် မိမိတို့တပ်မတော်၏လေတပ်ကို ခေတ်မီလေတပ်မတော်အဖြစ် တည်ဆောက်ရမည်ဖြစ်ကြောင်း”  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ လူမှုကွန်ယက် ဖေ့စ်ဘွတ်တွင် ဖော်ပြထားသည်။

မိတ္ထီလာတပ်နယ်ရှိ လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်၌ ဒီဇင်ဘာ ၁၅ရက်၊ နံနက်ပိုင်းက ကျင်းပပြုလုပ်သည့် နှစ်(၇၀)ပြည့် တပ်မတော်(လေ)နှစ်ပတ်လည်နေ့နှင့် လေယာဉ်များ တပ်တော်ဝင် အခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက် အမှာစကားပြောကြားစဉ် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

တပ်မတော်(လေ)၏ လေကြောင်းစွမ်းပကား မြှင့်တင်ရေးအတွက် ခေတ်မီနည်းပညာသုံး လေယာဉ်/ရဟတ်ယာဉ်များ၊ စက် ပစ္စည်း/လက်နက်ကိရိယာများ ဖြည့်ဆည်းတပ်ဆင်ရေးနှင့်အတူ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ဆင့်ပြီး တစ်ဆင့်ကြိုးပမ်းလုပ်ဆောင်သွားရမည် ဖြစ်ကြောင်း၊ ခေတ်မီအင်အားတောင့်တင်း စေရန်အတွက် ခေတ်မီစစ်လက်နက် ပစ္စည်းများ တပ်ဆင်ရမည်ဖြစ်သကဲ့သို့ အဆိုပါပစ္စည်းများကို ကိုင်တွယ် အသုံးပြုနိုင်မည့် အရည်အချင်းရှိသည့် စစ်သည်တော်များ မွေးထုတ်ရေးသည်လည်း အရေးပါလာကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။

ထို့ပြင် တပ်မတော်အနေဖြင့် ထာဝရငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ချမှတ်ထားသော တပ်မတော်၏ မူဝါဒ ၆ ရပ်နှင့် နိုင်ငံတော်အစိုးရ၏ ဦးဆောင်မှုတွင် ပါ၀င်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့သေးသည်။

ယနေ့ကျင်းပပြုလုပ်သည့် တပ်တော်ဝင်အခမ်းအနားတွင် Yak -130 အမျိုးအစား လေယာဉ် ၆ စီး၊ Fokker- 70 အမျိုးအစားလေယာဉ် ၂ စီးနှင့်၊ ATR 42-320 အမျိုးအစား လေယာဉ် ၂ စီး စုစုပေါင်း ၁၀ စီးကို တပ်တော်ဝင်ခဲ့ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားသည်။

အဆိုပါအခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဇနီး ဒေါ်ကြူကြူလှ၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ခင်အောင်မြင့်၊ အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊အငြိမ်းစား ကာကွယ်ရေးဦးစီးချုပ်(လေ) များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ လေတပ်စခန်းဌာနချုပ်မှူးများ၊ မိထ္ထီလာတပ်နယ်မှအရာရှိ၊ စစ်သည်၊ မိသားစုများ၊ တပ်မတော်(လေ)မှ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ နှင့်ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly