ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြစ်တင်ပြောကြား

ရိုက်တာ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ပြစ်တင်ပြောကြား

 

ဒီဇင်ဘာ ၁၅ ။                         ။  ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရမှုအပေါ် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ဒီဇင်ဘာလ ၁၄ ရက်က ပြစ်တင်ပြောကြားသွားသည်ဟု သိရသည်။

သတင်းထောက်များ ဖမ်းဆီးခံရမှုကိစ္စမှာ များစွာ စိုးရိမ်ပူပန်စရာ ကောင်းသည့် ကိစ္စတစ်ခုဟု ကုလအတွင်းရေးမှူးချုပ်က တိုကျိုမြို့တွင် ပြုလုပ်သည့် ကွန်းဖရင့်တစ်ခုတွင် ပြောသွားသည်။

ယခုကဲ့သို့ ရိုက်တာသတင်းထောက်များ ဖမ်းဆီးခံရခြင်းကို ကြည့်လျင် အရှေ့တောင်အာရှ မြန်မာနိုင်ငံတွင် လွတ်လပ်ခွင့်များ တိုက်စားခံနေရသည့် လက္ခဏာရပ်ပင် ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုကျိုမြို့  အခမ်းအနားတစ်ခုတွင် ပြောကြားရာတွင် ကုလအတွင်းရေးမှူးချုပ်က ယခု ရိုက်တာ သတင်းထောက်များ ဖမ်းဆီးခံရမှုဖြစ်စဉ်ကို ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီ အကျပ်အတည်းကိစ္စနှင့် ချိတ်ဆက် ပြောကြားသွားခဲ့သည်။

" ဒီ ဂျာနယ်လစ်နှစ်ဦး ဘာလို့ အဖမ်းခံရတာလဲ ဆိုတာရဲ့ အကြောင်းရင်းကို စဉ်းစားလိုက်တဲ့အခါ ဖြစ်နိုင်တာကတော့ သူတို့တွေဟာ လူသားဒုက္ခ အကြီးအကျယ်ခံစားနေရတဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့ သူတို့ မြင်တွေ့သမျှ တင်ပြဖို့ လုပ်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်" ဆိုပြီး ကုလအတွင်းရေးမှူးချုပ်က ပြောသည်။

မြန်မာနိုင်ငံ၏ ဘင်္ဂါလီ အကျပ်အတည်းကိစ္စနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရေးယူဆောင်ရွက်ဖို့ အရေးကြီးကြောင်းလည်း ၎င်းက တစ်ဆက်တည်းမှာပင် ပြောသွားခဲ့သေးသည်။

ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ကိုဝလုံး နှင့် ကိုကျော်စိုးဦး တို့ကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နှင့် ဖမ်းဆီးထားလိုက်ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly