မတရားအသင်းနှင့် ပေါက်ကွဲမှု ပုဒ်မများဖြင့် ထောင်ဒဏ် အနှစ်၂၀ကျော် ကျခံနေရသူနှစ်ဦး၏ အယူခံတွင် အမှုနှစ်ခုကို လွတ်ပေးခဲ့

မတရားအသင်းနှင့် ပေါက်ကွဲမှု ပုဒ်မများဖြင့် ထောင်ဒဏ် အနှစ်၂၀ကျော် ကျခံနေရသူနှစ်ဦး၏ အယူခံတွင် အမှုနှစ်ခုကို လွတ်ပေးခဲ့

ချင်းမိုင်၊ သြဂုတ် ၂၀ ။           ။ မတရားအသင်းနှင့် ပေါက်ကွဲပုဒ်မများ အပါအဝင် အမှု ရှစ် မုှုဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျော် အကျဉ်းချခံနေသော ကချင်စစ်ပြေး ဒုက္ခသည် ဦးလဖိုင်ဂမ်နှင့် ဦးဘရန်ရုန်းတို့ အမှုအယူခံ တင်သွင်းခဲ့ရာ နေပြည်တော် တရား လွှတ်တော်ချုပ်က အမှုနှစ်မှုကို အပြစ်မရှိကြောင်း အပြီးအပြတ် လွှတ်စေသည့် အမိန့်ကို ချမှတ်ခဲ့သည်ဟု ရှေ့နေ ဦးဂျီမာခါးက ပြောသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ကျေးရွာ စစ်ပြေး ဒုက္ခသည် ဦးဘရန်ရုန်းနှင့် ဦးလဖိုင်ဂမ်တို့ အမှုအထူးအယူခံကို နေပြည်တော် တရားလွှတ်တော်ချုပ်က မတရားအသင်း ပုဒ်မ ၁၇/၁ တစ်မှုနှင့်ပေါက်ကွဲမှု တစ်မှု တို့ကို သြဂုတ် ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ရှေ့နေ ဦးဂျီမာခါးက  “တရားလွတ်တော်ချုပ်က အပြစ်မရှိဘူးဆိုပြီး အပြီးသတ် အမိန့်ချလိုက်တယ်။ ကျွန်တော်တို့ အမှုနိုင်ပြီးတော့ အားလုံး ၇ နှစ်ဆီလျော့သွားတယ်။ ၁၀ နှစ်ကျော်ဆီ ကျခံရအုန်းမယ်။ နောက်ထပ် အမှု ၆ မှုကို အမိန့်ချဖို့ ကျန်သေးတယ်”ဟု ပြောသည်။

“ ဘာပဲဖြစ်ဖြစ် တခုလို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အမှန်တရားကို ပြန်လည် တည့်မတ်ပေးပြီး အပြစ် မရှိကြောင်း အမှုမှ အပြီးအပြတ်လွှတ်ပေးတာကိုတော့ ဝမ်းသာပါတယ်။ သူတို့ကိုယ်တိုင်နှင့် ၎င်းတို့မိသားစုဝ င်များ ကလည်း အရမ်းဝမ်းသာကြမှာပါ”ဟု  ၎င်းက ဆက်လက် ပြောသည်။

၂၀၁၂ ခုနှစ် ဇွန်လ ၉ ရက်က ရွှေစက်ကျေးရွာ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလုံနေရာမှ  သားသမီးများ၏ ကျောင်းစရိတ်ရှာရန် တာလောကြီးကျေးရွာသို့ အခကြေးငွေဖြင့် ကျွဲ၊ နွားမောင်းရန် လိုက်ပါသွားရာ မှအစိုးရ စစ်တပ်၏ ခလရ ၃၇ တပ်ဖွဲ့များက KIA အဖွဲ့ဝင်များ ဖြစ်သည်ဟု ဆိုကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

သူတို့နှစ်ဦးတို့၏ အထူးအယူခံကို နေပြည်တော် တရားလွှတ်တော်ချုပ်သို့ ရှေ့နေ ဦးအောင်သိန်းက အထူးအယူခံ လျှောက်လဲခဲ့ကာ အမှုနှစ်မှုမှ ထောင်ဒဏ် ၇ နှစ်ဆီ လွှတ်ပေးလိုက်ခြင်းဖြစ်သည် ဟုရှေ့နေ ဦးအောင်သိန်းက မဇ္ဈိမကိုပြောသည်။

“ ဒါပေမဲ့ သူတို့မှာ တခြား အမှုတွေ ရှိသေးတယ်လို့ ပြောတယ်။ ခရိုင်ရုံးရော၊ တိုင်းဒေသကြီးရုံးတွေ၊ နောက်ပြီးတော့ ပြည်ထောင်စု တရားလွှတ်တော်ရော ရုံးသုံးရုံးစလုံးက အမိန့်ချထားတာပေါ့နော်။ အဲတော့ ကျွန်တော်တို့က အထူးအရုံးအနေနဲ့ အမှုကို လက်ခံကြားနာပြီး လွှတ်ပေးလိုက်တာပေါ့”ဟု ၎င်းက ပြောသည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း မတရားအသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/၁ နှင့် ဖောက်ခွဲမှု ၆မှု တို့ဖြင့် ဦးလဖိုင်ဂမ်ကို ထောင်ဒဏ် ၂၀ နှစ် ချမှတ်ခဲ့သည်။ သို့သော် သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့်ကြောင့် ၂ နှစ် ပယ်ဖျက်ခဲ့သဖြင့် ထောင်ဒဏ် ၁၈ နှစ် ကျခံနေရာမှ ယခုအယူခံဝင်ရာမှ ထောင်ဒဏ် ၇ နှစ် ပြန်လည် လျော့ချလိုက်သဖြင့် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ် ချခံနေရဆဲဖြစ် သည်။

အလားတူ ဦးဘရန်ရုန်းကိုလည်း ထောင်ဒဏ် ၂၁ နှစ်ချခံခဲ့ရသည်။ သမ္မတ ဦးသိန်းစိန်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ဒဏ် ၂ နှစ် ပယ်ဖျက်ခဲ့သဖြင့် ထောင်ဒဏ် ၁၉ နှစ် ကျခံနေရာမှ ယခု ထောင်ဒဏ် ၁၂ နှစ် ကျရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly