အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ပူးပေါင်းလုပ်ဆောင်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူ

အခြေခံအဆောက်အအုံ စီမံကိန်းများတွင် ပူးပေါင်းလုပ်ဆောင်ရန် မြန်မာ-ဂျပန် နှစ်နိုင်ငံ ခေါင်းဆောင်များ သဘောတူ
Photo-AFP

ဒီဇင်ဘာ ၁၅ ။            ။ မြန်မာနှင့် ဂျပန်နိုင်ငံတို့အကြား အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး စီမံကိန်းများတွင် ပူးပေါင်းလုပ်ဆောင် သွားရေး နှစ်နိုင်ငံခေါင်းဆောင်ကြီးများ သဘောတူညီခဲ့ကြသည်ဟု သိရသည်။

ဂျပန်နိုင်ငံတွင် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်က ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး အထက်ပါ အတိုင်း သဘောတူညီခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် မြို့ပြ ဖော်ဆောင်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် လျှပ်စစ် ဆိုင်ရာ အခြေခံအဆောက်အအုံ များ ဖော်ဆောင်ရာတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားရန် နှစ်ဘက်ခေါင်းဆောင်များအကြား သဘောတူညီမှု ရခဲ့ခြင်းဖြစ်သည်။

လက်ရှိကာလတွင် ဘင်္ဂါလီ မွတ်ဆလင် အရေးကိစ္စကြောင့် မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ ဝေဖန်ပြစ်တင်မှုများ မြင့်တက်နေချိန်တွင် ယခုကဲ့သို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိလာခြင်း ဖြစ်သည်။ နှစ်ဘက်ခေါင်းဆောင်များ တွေ့ဆုံရာတွင် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးက ယင်းပြဿနာနှင့်စပ်လျင်း၍ မြန်မာနိုင်ငံအပေါ် ဝေဖန်ပြစ်တင်မှုမျိုး ပြုလုပ်သွားခဲ့ခြင်း မရှိဘဲ မြန်မာနှင့်အကြား စီးပွားရေး အရ ပိုမို ပူးပေါင်းဆက်ဆံသွားရေးကိုသာ အထူးအလေးထား ဆွေးနွေးပြောဆိုသွားခဲ့သည်။

" မြန်မာနိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဂျပန်နဲ့ မြန်မာနှစ်ဘက်အစိုးရတွေအနေနဲ့ ရန်ကုန်မှာ မြို့ပြဖော်ဆောင်ရေး စီမံကိန်း၊ သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ လျှပ်စစ် စီမံကိန်းတို့မှာ ပိုမို ပူးပေါင်းသွားဖို့ သဘောတူညီခဲ့ကြပါတယ်" ဆိုပြီး ၀န်ကြီးချုပ်အာဘေးက အစည်းအဝေးအပြီး ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားသည်။

ယင်းအပြင် လမ်းနှင့် ကျောင်းများ တည်ဆောက်ခြင်းများနှင့်အတူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းစေရေး အတွက် မြန်မာအစိုးရ၏ ကြိုးပမ်းအားထုတ်နေမှုများကိုလည်း ဂျပန်ဘက်က ဆက်လက်ထောက်ပံ့ပေးသွားမှာ ဖြစ်ကြောင်း ၀န်ကြီးချုပ် အာဘေးက ပြောသွားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်ကလည်း မိမိတို့ နိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ဂျပန်နှင့် ပူးပေါင်းပြီး ဆေးရုံများ တည်ဆောက်ခြင်း၊ လူသားအရင်းအမြစ်များ ဖော်ထုတ်ခြင်းတို့ကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly