အဖိုးတန်ရှေးဟောင်း ရတနာများ ထိန်းသိမ်းထားသည့်နေရာ ကိုပြောပြရန်ငြင်းဆန်သောကြောင့် အိုင်အက်စ်တို့က ပါမောက္ခ ကိုခေါင်းဖြတ်သတ်

အဖိုးတန်ရှေးဟောင်း ရတနာများ ထိန်းသိမ်းထားသည့်နေရာ ကိုပြောပြရန်ငြင်းဆန်သောကြောင့် အိုင်အက်စ်တို့က ပါမောက္ခ ကိုခေါင်းဖြတ်သတ်
အဖိုးတန်ရှေးဟောင်းရတနာများ ထိန်းသိမ်းထားသည့်နေရာ အိုင်အက်စ်...သတင်းပုံ။ ပါမိုင်ယာမြို့ ရှေးဟောင်းအမွေအနှစ်နေရာတစ်ခု။ ဓာတ်ပုံ -UNESCO

ဒမတ်စကတ်၊ သြဂုတ်-၂၀ ။            ။ ခါလစ်အယ်လ်အာဆတ်မှာ သူ့ဘဝတစ်လျှောက်လုံးကို ရှေးဟောင်းပစ္စည်းများ ထိန်းသိမ်းသည့်အလုပ်တွင်သာ မြှုပ်နှံထားခဲ့ပြီး ဘိုးဘေးမျိုးဆက်ပေါင်းများစွာ၏ ကြွင်းကျန်ရစ်သောပစ္စည်းများကို ယခုအချိန်အထိ စုဆောင်းထားသည်။

ခါလစ်မှာ ဘုရားကျောင်းများ၊ ရှေးဟောင်းအဆောက်အအုံများနှင့် ပြည့်နှက်နေသည့် ဆီးရီးယားမြို့တစ်မြို့ဖြစ်သော ပါမိုင်ယာတွင် အလုပ်လုပ်နေခဲ့သည်။ ပါမိုင်ယာမှာ ကန္တာရကိုဖြတ်သန်းသွား လာမည့် လူများအတွက် ပေါင်းမိုးလှည်းကြီးများ တစ်ထောက်နားရာ ခရစ်တော်မပေါ်မီ ဒုတိယထောင်စုနှစ်က မြို့တစ်မြို့ပင်ဖြစ်သည်။

သို့ရာတွင် လွန်ခဲ့သောလကမူ အသက် ၈၂နှစ်ရှိပြီဖြစ်သည့် ခါလစ်မှာ မှတ်မိဖူးသမျှ အရက်စက်ဆုံး အကြမ်းဖက်အုပ်စုဖြစ်သော အိုင်အက်စ်တည်းဟူသည့် ခေတ်သစ်ခြိမ်းခြောက်မှုတစ်ခုနှင့် ပက်ပင်းတိုးရ သည်။ သြဂုတ်က ၁၈ရက်နေ့တွင် အိုင်အက်စ်တို့က ခါလစ်ကို သူခက်ခက်ခဲခဲ ကယ်တင်ဖို့ကြိုးစားခဲ့သည့် အမွေအနှစ်များကို ပိုင်ဆိုင်ရာ ရှေးဟောင်းမြို့ကြီး၏ လူထုရင်ပြင်တွင်ပင် ခေါင်းဖြတ်ခဲ့ကြသည်ဟု ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့မှ ရာမီ အဗ္ဗဒူရာမန်က ပြောကြားခဲ့သည်။  

တက္ကသိုလ်ပါမောက္ခတစ်ဦးဖြစ်သည့်အပြင် ပါမိုင်ယာ ရှေးဟောင်းပစ္စည်းများနှင့် ပြတိုက်များ၏ မန်နေဂျာတစ်ယောက်လည်းဖြစ်သည့် ခါလစ်က အိုင်အက်စ်တို့ကို သစ္စာခံဖို့ ငြင်းဆန်သလို၊ အိုင်အက်စ်တို့ က စစ်မေးသည့်အခါတွင်လည်း ရှေးဟောင်းအမွေအနှစ်များထားသည့် နေရာကိုရော၊ အကြမ်းဖက်သမားများက မြို့တွင်းတစ်နေရာရာတွင် ရှိရမည်ဟု ယုံကြည်နေ သည့်ရွှေသေတ္တာကြီးနှစ်လုံးထား သည့်နေရာကိုပါ ပြောပြလွှမ်းညွှန်ရန် ငြင်းဆန်ခဲ့သည်ဟု ဆီးရီးယား ရှေးဟောင်းပစ္စည်းနှင့် ပြတိုက်ဌာန ညွှန်ကြားရေးမှူး မာမွနတ် အဗ္ဗဒူခရင်က စီအင်အင်သို့ ပြောကြားခဲ့သည်။

မေလက အိုင်အက်စ်တို့ ပါမိုင်ယာမြို့တွင်းသို့ ဝင်ရောက်လာကတည်းက အကြမ်းဖက်သမားများက ခါလစ်ကို သတ်မှာသေချာနေသောကြောင့် အဗ္ဗဒူခါရင်က ခါလစ်အား မြို့ကို စွန့်ခွာရန် မေတ္တာရပ်ခံခဲ့ သည်။

‘သူ(ခါလစ်)က ငြင်းဆန်တယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ ငါ့လိပ်ပြာကိုငါ မဆန့်ကျင်နိုင်ဘူးလို့ သူကပြောတယ်။ သူဟာ စိတ်ဓာတ်ခိုင်မာပြီး ဘယ်သူ့ကိုမှ ဒူးမထောက်တတ်တဲ့ လူစားမျိုးပဲ’’ဟု အဗ္ဗဒူခါရင် ကပြောကြားခဲ့သည်။

ရှေးဟောင်းသုတေသနပညာရှင် ခါလစ်မှာ သူ့ကိုမွေးဖွားခဲ့ရာ ဇာတိချက်မြှုပ်မြို့တွင်ပင် အသေခံသွားခဲ့သည်။ သြဂုတ်လ ၁၉ရက်နေ့က လူမှုမီဒီယာတွင် အိုင်အက်စ်တို့က ဓာတ်ပုံများ လိုင်းတင်လာခဲ့ရာ ပါမောက္ခခါလစ်ကို ခြေထောက်များကြားတွင် ဦးခေါင်းနှင့် တိုင်တစ်တိုင်တွင် ပူးချည်လျှက် မြင်ကြရသည်။ ကိုယ်ပေါ်တွင် အနီရောင်စာလုံးများဖြင့် အာရပ်လို မိစ္ဆာဒိဌိဟူသောစာလုံးကို အနီရောင်ဖြင့်ရေး သားထားသော အဖြူရောင်ပိုစတာကို ချိတ်ဆွဲပေးထားသည်။

ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရသည့် ဆီးရီးယား ဒုဝန်ကြီးဟောင်း အဗ္ဗဒဲရာဇက် မိုအာ့ကမူ ခါလစ်သေဆုံးမှုမှာ ကပ်ဘေးတစ်ခုပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

‘ခါလစ်ကြောင့် ပါမိုင်ယာဟာ လူပေါင်းများစွာရဲ့စိတ်ထဲကို ရောက်သွားပြီ။ သူဟာ ဆီးရီးယားရဲ့ သက်ရှိပညာရှင်တွေထဲက ဝါအရင့်ဆုံးတစ်ယောက်ပါ’’ဟု မိုအာ့ဇ်က ပြောကြားခဲ့သည်။

ဒမတ်စကတ်၏ အရှေ့မြောက်ဘက်ရှိ ပါမိုင်ယာမှာ  တစ်ချိန်က ပါရှား၊ အိန္ဒိယ၊ တရုတ်နှင့် ရောမအင်ပါယာကို ဆက်သွယ်ပေးသည့် သမိုင်းဝင်ကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင် လှပသည့်ရှေးဟောင်း အပျက်အစီးများနှင့် ကန္တာရ၏ သမီးပျိုဟု ထင်ရှားကျော်ကြားခဲ့ရာ နေရာဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly