လှိုင်မြို့နယ် ၃ လောင်းပြိုင်လူသတ်မှု ရဲမှတ်တမ်းကို သေဆုံးသူ၏ ခင်ပွန်း ဝေဖန်

လှိုင်မြို့နယ် ၃ လောင်းပြိုင်လူသတ်မှု ရဲမှတ်တမ်းကို သေဆုံးသူ၏ ခင်ပွန်း ဝေဖန်
ဓာတ်ပုံ-ရန်ကုန်တိုင်း ရဲတပ်ဖွဲ့

 ရန်ကုန်၊ ဒီဇင်ဘာလ ၁၄ ။            ။ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ လှိုင်သီရိအိမ်ယာဝင်း၊ တိုက် ၃ တွင် ဖြစ်ပွားခဲ့သော သုံးလောင်းပြိုင် လူသတ်မှုအား ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် တရားခံဟုစွပ်စွဲခံရသူက လစာတိုးမပေးသဖြင့် သတ်ခဲ့ရခြင်းဟု ဖော်ပြထားခြင်းမှာ ဟာသတစ်ခုလိုဖြစ်နေကြောင်း သေဆုံးသူ မကေသီလှိုင်၏ ခင်ပွန်း ဦးလှမျိုးထွန်းက ပြောသည်။

ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ သုံးလောင်းပြိုင်လူသတ်မှု ကျူးလွန် သူဟု စွပ်စွဲခံထားရသူ ဇွဲလင်းထက်ဆိုသူအပါအဝင် ၃ ဦးအား အမှုတင်ခဲ့ပြီး တရားရုံးသို့ လာရောက်စဉ် ဦးလှမျိုး ထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။

“ ပြောရမယ်ဆိုရင် တော်တော် ယုတ္တိမရှိတာဗျာ။ ဟာသတစ်ခုလိုပါပဲ။ ဘယ်သူကမှ မနက် ရ နာရီလောက် လာပြီးတော့ လခတိုးတောင်းလိမ့်မယ်လို့မထင်ဘူး။ ပြီးတော့ လဆန်း ၉ ရက်နေ့မှာ လာပြီး လခတိုးတောင်း မယ်လို့ မထင်ပါဘူး။ ဒါက သက်သက်မဲ့ လူသတ်ပြီးတော့ အမှုပေါ့အောင်လို့ သူ့ဟာနဲ့ သူ လုပ်ကြံပြီးတော့ ပြောတယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ ဒါပေမယ့် အဲ့ဒီလိုလုပ်ကြံပြီးပြောတာကို ဖြစ်နိုင်၊ မဖြစ်နိုင် မစစ်ဆေး ဘဲနဲ့ ရဲတပ်ဖွဲ့က အများပြည်သူကို ကြေညာတာကတော့ မကောင်းပါဘူး။ ကျွန်တော်တို့ ကာယကံရှင် တွေ ဘက်က ထိခိုက်သလို အမျိုးသမီးမန်နေဂျာဆီကနေပြီးတော့ အမျိုးသားဝန်ထမ်းက လာပြီးလခတိုး တောင်း တယ်။ အဲ့ဒါကို အမျိုးသမီးမန်နေဂျာက ဓားနဲ့ လိုက်ထိုးလို့ အဲ့ဒီဓားကို လုယူပြီးတော့ ပြန်ထိုးသွား တယ်ဆိုပြီး ပြောတာတော့ တော်တော်ရှက်ဖို့ကောင်းတဲ့ ကိစ္စပါ” ဟု ဦးလှမျိုးထွန်းက ပြောသည်။

ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် နိုဝင်ဘာလ ၉ ရက်နေ့၊ နံနက်ပိုင်းက ဇွဲလင်းထက်ဆိုသူမှာ ၄င်းအလုပ် လုပ်သည့် ဆိုင်မှ မန်နေဂျာဖြစ်သူ မကေသီလှိုင်နေအိမ်တိုက်ခန်းသို့ ရောက်ရှိလာပြီး လစာတိုး ပေးရန်ပြောဆို ခဲ့ကြောင်း၊ မကေသီလှိုင်က လစားတိုးမပေးနိုင်သေးကြောင်း ပြန်လည်ပြောဆိုခဲ့ရာ စကားများကြပြီး မကေသီ လှိုင်အိပ်ခန်းအတွင်းသို့ ပြေးဝင်စဉ် ဇွဲလင်းထက်ဆိုသူက လက်သီးဖြင့် လိုက်ထိုးခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ဇွဲလင်းထက်ဆိုသူက လက်သီးဖြင့် လိုက်ထိုးခဲ့ရာ မအေးမာဦးက နောက်မှ ဇွဲလင်းထက်အားလိုက်ဆွဲခဲ့ ပြီး မကေသီလှိုင်က အိပ်ခန်းရှိ ဓားဖြင့် ထိုးမည်ပြုလုပ်သဖြင့် ဇွဲလင်းထက်ဆိုသူက ဓားကိုလုယူပြီး မကေသီ လှိုင်နှင့် မအေးမာဦးအား ထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မကေသီလှိုင်၏ သမီးဖြစ်သူ မသာယာထွန်းကလည်း ဝင်တားရာ ဇွဲလင်းထက်က မသာယာထွန်းကိုပါ ဓား ဖြင့်ထိုးခဲ့ပြီး မသေသေးသဖြင့် မီးဖိုချောင်ရှိ အသားခုတ်စတီးဓားယူပြီး ဦးခေါင်းအား ထပ်မံခုတ်ခဲ့ ခြင်းဖြစ် ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဇွဲလင်းထက် ဓားဖြင့် ထိုးခဲ့သဖြင့် အဆိုပါ ၃ ဦးမှာ သေဆုံးသွားခဲ့ပြီး ဇွဲလင်းထက်က  နေအိမ်ရှိ ငွေကျပ် ၄ သိန်း၊ ရွှေထည်ပစ္စည်းများ၊ လက်တော့၊ လက်ကိုင်ဖုန်းနှင့် ကားသော့ယူပြီး နေအိမ်အပြင်ဘက်မှ သော့ခတ်ကာ မကေသီလှိုင်အသုံးပြုသည့် ကားအား မောင်းနှင်ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း ရဲထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

အဆိုပါ လူ ၃ ဦးသေဆုံးမှုအား နိုဝင်ဘာလ ၁၅ ရက်နေ့ညပိုင်းတွင်အပုပ်နံထွက်နေပြီး အဝါရောင် အရည်များ ကျဆင်းနေသည်ကို အခင်းဖြစ်တိုက်ခန်းအနီး အိမ်နီးချင်းဖြစ်သူက တွေ့ရှိသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားရာမှ သိရှိခဲ့ရခြင်းဖြစ်သည်။

လက်ရှိတွင် အဆိုပါ လူသတ်မှုနှင့်ပတ်သက်ပြီး ဇွဲလင်းထက်ဆိုသူအပါအဝင် ဇွဲလင်းထက်မိခင်နှင့် ဇနီးဖြစ်သူတို့ ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၌ (ပ) ၁၅၇/ ၂ဝ၁၇၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂/ ၃၉၄/ ၁၁၄ ဖြင့် အမှုစွဲတင်ခဲ့ပြီး လာမည့် ဒီဇင်ဘာလ ၂၈ နေ့ကို ရုံးချိန်း ချိန်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly