သက်ငယ်မုဒိမ်းမှုသတင်းတွင် ကိုယ်ရေးအချက်အလက် အပြည့်အစုံဖော်ပြခဲ့၍ နစ်နာမှုများ ရှိနေ

သက်ငယ်မုဒိမ်းမှုသတင်းတွင် ကိုယ်ရေးအချက်အလက် အပြည့်အစုံဖော်ပြခဲ့၍ နစ်နာမှုများ ရှိနေ

 

ဒီဇင်ဘာ ၁၄ ။                                       ။ ဒလမြို့နယ်တွင် ဖြစ်ပွားခဲ့သော သက်ငယ်မုဒိမ်းမှုတွင် ကျုးလွန်ခံရသူ၏ မိသားစုအမည်များနှင့် နေရပ်လိပ်စာ အချက်အလက်အပြည့်အစုံကို လူမှုကွန်ယက်ပေါ်ရှိသတင်းအချို့တွင် ဖော်ပြခဲ့သောကြောင့် နစ်နာမှုများ ရှိနေသည် ဟု ကျူးလွန်ခံရသူ၏ မိသားစုဝင်တစ်ဦးက ပြောသည်။

“နစ်နာတာတွေက အများကြီးပဲ။ မဟုတ်ကဟုတ်ကတွေ ကလေးကို facebookပေါ်မှာ ရေးပြီး တင်တာပေါ့နော်။ မိဘနာမည်တွေ၊ နေရပ်လိပ်စာတွေ၊ အိမ်နံပါတ်တွေ၊ လမ်းနာမည်တွေ ကျွန်မတို့ ခွင့်ပြုချက်မရှိဘဲ အကုန်တက်လာတယ်” ဟုကျုးလွန်ခံရသူ၏အဒေါ်ဖြစ်သူ ဒေါ်လှလှ (အမည်လွှဲ) ပြောသည်။

ကျူးလွန်ခံရသူမိသားစုဘက်မှ လူမှုရေးနှင့် စီးပွားရေးအရနစ်နာမှုများ ကြံုတွေခဲ့ရပြီး နစ်နာမှုများအပြင် သတင်းဖော်ပြမှုများ မှားယွင်းခဲ့သည်ဟု မိသားစုဝင်များဖက်က ပြောသည်။

လူမှုကွန်ယက်ပေါ်ရှိ သတင်းအချို့တွင် “ သမီးရည်းစားချိန်းတွေ့ရာမှ  မိဘများတွေ့ရှိ၍ မုဒိမ်းမှု ဖြစ်ပွား”  ဟု ဖော်ပြခဲ့ခြင်းဖြစ်ပြီး အသက် ၁၃ နှစ်အရွယ်ရှိ ကျူးလွန်ခံရသူ မိန်းကလေးငယ်နှင့် သမီးရည်းစားမဟုတ်ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကြံရာပါအဖြစ် သံသယရှိသူအမျိုးသမီးက အကြော်ဝယ်ခိုင်းရာမှ ကျူးလွန်သည်ဟု သံသယရှိသူ အမျိုးသားက မိန်းကလေးအား အိမ်အတွင်းခန်းထဲသို့ ဆွဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်အား တစ်ဖက်မှ ကျူးလွန်သည်ဟု သံသယရှိသူ၏ မိဘများနှင့် ၎င်းတို့၏ရှေ့နေက လက်ထပ်ပေးရန် လာရောက်ညှိနှိုင်းမှုများရှိနေသည်ဟု သိရသည်။

သားသမီးချင်းပေးစားရန် လာရောက်ညှိနှိုင်းမှုများရှိခဲ့သော်လည်း ၎င်းတို့အနေဖြင့် လက်မခံဘဲ ဥပဒေ အတိုင်းသာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မိန်းကလေးငယ်မိသားစုဖက်မှ ဒေါ်လှလှ (အမည်လွှဲ)က ပြောသည်။

မိန်းကလေးငယ် မိသားစုအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကွန်ကရစ်ကြမ်းခင်း ခင်းသည့်အလုပ်ကို လုပ်ကိုင်ကြသူများ ဖြစ်ပြီး ယခုဖြစ်စဉ် နောက်ပိုင်းတွင် ၎င်းတို့အား အလုပ်အပ် သူများ ယခင်ကထက် သိသိသာသာ နည်းလာသည် ဟုပြောသည်။

 “နာမည်တွေ ပါလိုက်ကတည်းက လုပ်ငန်းခွင်တွေမှာ ဘယ်သူဆိုတာ သိသွားပြီ။ အလုပ်တွေလည်း ထိခိုက်တယ်။ အလုပ်တောင် ခေါ်မယ့်သူ မရှိတော့ဘူး” ဟု သူက ဆက်ပြောသည်။

ထိုကဲ့သို့မှားယွင်းဖော်မှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီမှ ထုတ်ပြန်ထားသည့် သတင်းမီဒီယာ ကျင့်ဝတ် အပိုဒ် ၁၄(၁)တွင် လိင်ဆိုင်ရာရာဇဝတ်မှု ကျူးလွန်ခြင်းခံရသော ဓားစာခံများကို မည်သူမည်ဝါ ဖော်ပြခြင်း၊ ယင်းတို့ မည်သူမည်ဝါ ဆိုသည်ကို သိရှိနိုင်သော အထောက်အထားများ ဖော်ပြခြင်း မပြုလုပ်ရ ဟု ပါရှိသည်။

 

ထို့အပြင်အပိုဒ် ၁၄(၂) တွင်မူဥပဒေအကြောင်းရ ခွင့်ပြုချက်ရရှိပြီး အများပြည်သူအကျိုးစီးပွားကိုလည်း အထောက်အပံ့ ပေးနိုင်မည်ဟု သက်သေပြနိုင်သောအခါမျိုးမှလွဲ၍ ကလေးသူငယ်များအပေါ် ကျူးလွန်သည် ဟု စွပ်စွဲခံရသောရာဇဝတ်မှုများတွင် ကလေးသူငယ်များကိုမည်သူမည်ဝါဟု ဖော်ပြခြင်းမပြုရဟု ဆိုထားသည်။

လက်ရှိတွင် အဆိုပါအမှုအား နေရပ်ဒေသမပြောင်းဘဲ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒီရပ်ကွက်မှာငယ်မွေးခြံပေါက်ဖြစ်တဲ့အတွက် ဒီမှာပဲဆက်နေမယ်။ကလေးလည်းဒီကျောင်းမှာပဲဆက်ထားမယ်” ဟု၎င်းတို့ရှေ့ဆက်မည့်အစီအစဉ်နှင့်ပတ်သက်၍ဒေါ်အေး(အမည်လွှဲ)က ဆက်ပြောသည်။

မြန်မာနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုသည် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ အရ အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်နှစ် ၂၀ ချမှတ်နိုင်ပြီး  ၂၀၁၇ ခုနှစ်အတွင်း သက်ငယ်မုဒိမ်းမှုပေါင်း ရ၅၃ မှု ရှိကာ ရန်ကုန်တိုင်းဒေသကြီးတွင် အများဆုံးဖြစ်သည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် အဆိုပါအမှုအား နေရပ်ဒေသမပြောင်းဘဲ ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း သိရပြီး သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ဒီဇင်ဘာလ ၁၃ ရက်က မြစ်ဆုံစားသောက်ဆိုင်၊ ဗဟိုလမ်း၊ စမ်းချောင်းမြို့နယ်တွင်  ပြုလုပ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly