ပြန်ကြားရေးသို့ သင်တန်းပေးမည့် အစီအစဉ် YJS ဖျက်သိမ်း

ပြန်ကြားရေးသို့ သင်တန်းပေးမည့် အစီအစဉ် YJS ဖျက်သိမ်း
ဓာတ်ပုံ- YJS / YJS ကျောင်းတွင် ဦးရဲနိုင်မိုးက မီဒီယာသင်တန်းပေးနေစဉ်။

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၄ ။          ။ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ထားသည့် Myanmar Digital News ဆိုသည့် အဖွဲ့အား သင်တန်းပေးမည့် ကိစ္စကို Yangon Journalism School မှ ဖျက်သိမ်းလိုက်သည်ဟု Yangon Journalism School သင်တန်းကျောင်းတည်ထောင်သူ ဦးရဲနိုင်မိုး က ဆိုသည်။

သတင်းသမားနှစ်ဦးအဖမ်းခံရသည့် သတင်းကို ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းရေးသားဖော်ပြပုံအား ကျေနပ်မှု မရှိခြင်းကြောင့် သင်တန်းပေးမည့် ကိစ္စကို ရက်အကန့်အသတ်မရှိ ရွေ့ဆိုင်းလိုက်ခြင်းဖြစ်သည်ဟု ၄င်းက ဆိုသည်။

"MOI နဲ့ ပေါင်းလုပ်ထားတဲ့ Myanmar Digital News ဆိုတဲ့ အဖွဲ့လေးကကျွန်တော်တို့ကို အကူအညီတောင်း ထားတာလေး ရှိပါတယ်။ အဲ့ဒါကို ကျွန်တော်တို့ကျောင်းက သင်တန်းဆရာတစ်ဦးနှစ်ဦးက သွားပြီး သင်ပေးဖို့ ရှိပါတယ်။ မနေ့က ရခိုင်ကိစ္စနဲ့ ပတ်သက်ပြီး ရိုက်တာက သတင်းစာဆရာနှစ်ဦးအဖမ်းခံရတာကို MOI က သတင်းဖော်ပြတာကို ကြည့်ပြီး ကျွန်တော်တို့ လောလောဆယ်မှာ မကူညီဘူးလို့ ဆုံးဖြတ်ပြီး ဖျက်သိမ်းခဲ့တာပါ" ဟု ဦးရဲနိုင်မိုးက ဆိုသည်။

အစိုးရမှ ရန်ကုန်အခြေစိုက် ရိုက်တာသတင်းဌာနမှ ကိုဝလုံး (ခ) သက်ဦးမောင်မောင် နှင့် ကိုကျော်စိုးဦး (ခ) မိုးအောင် တို့ ၂ ဦးအား ထောက်ကြန့်နယ်မြေရဲစခန်း (ပ) ၁၂၉၈/၂၀၁၇၊ ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ-၃ ဖြင့်  အရေးယူထားခြင်း ဖြစ်သည်။

"အစိုးရအဖွဲ့အတွင်းက လူတစ်ချို့ဟာ သတင်းစာလုပ်ငန်းကို ဒုစရိုက်မှုလုပ်ငန်း ဒါမှမဟုတ် နိုင်ငံတော်ရဲ့ ရန်သူလို့ အသိအမှတ်ပြုနေတယ် ဆိုတဲ့သဘောထားက ထင်ထင်ရှားရှားတွေ့ရပါတယ်။ အဲ့ဒီအပေါ်မှာ တော်တော်စိတ်မကောင်း ဖြစ်သလို တော်တော်လည်း ဒေါသထွက်မိပါတယ်" ဟု ဦးရဲနိုင်မိုးက သုံးသပ် ပြောဆိုသည်။

အရေးယူရခြင်းနှင့်ပတ်သက်ပြီး "ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြံုရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြံုရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံးဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြံုရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်းရယူ ဆောင်ရွက်ခဲ့သည်" ဟု အစိုးရဘက်မှ ထုတ်ပြန်ထားခြင်း အပေါ် သတင်းစာဆရာများဘက်မှ ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ယင်းကဲ့သို့ အရေးယူမှုသည် လူငယ်သတင်းသမားများအား စိတ်ပိုင်းဆိုင်ရာဖိအားများ ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

"ဒီမိုကရေစီအသွင်ကူးပြောင်းနေတယ်လို့ ပြောနေတဲ့အချိန်မှာ စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ သတင်းစာဆရာတွေရဲ့ အခန်းကဏ္ဍ မပါဘဲနဲ့ အဲ့ဒီ လမ်းကြောင်းက ရောက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ အင်မတန်ကြောက်စရာ ကောင်းတဲ့ အင်မတန် လေးနက်တဲ့ ပုဒ်မတွေနဲ့ လူငယ်သတင်းထောက်တွေကိုတရားစွဲဆိုတာ တခြားလူငယ် သတင်းထောက်တွေကို စိတ်ပိုင်းဆိုင်ဖိအားတွေအများကြီးရှိပါတယ်"ဟု ဦးရဲနိုင်မိုးက ပြောသည်။

ဦးရဲနိုင်မိုးသည် ၀ါရင့်သတင်းစာဆရာတစ်ဦး ဖြစ်ပြီး Yangon Journalism School နှင့် Mandalay Journalism School တို့ကို တည်ထောင်သူဖြစ်ကာ 7 Day သတင်းစာ၏ အကြံပေးအဖြစ် လုပ်ကိုင်လျှက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly