လှိုင်သာယာ ကနောင်မင်းသားကြီးလမ်း ဘတ်ဂျက်ကျပြီး ၆လအတွင်းပြင်ပေးမည်

လှိုင်သာယာ ကနောင်မင်းသားကြီးလမ်း ဘတ်ဂျက်ကျပြီး ၆လအတွင်းပြင်ပေးမည်

ရန်ကုန်၊ ဒီဇင်ဘာ၁၄ ။              ။ လှိုင်သာယာ ကနောင်မင်းသားကြီးလမ်းအား ဘတ်ဂျက်ကျပြီး ၆လအတွင်း၌ ပြုပြင်ထပ်ပိုးလွှာ ခင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့တွင် ပြောကြားသည်။

"လှိုင်သာယာမြို့နယ်ရဲ့ အဓိကလမ်းများဖြစ်သော ရန်ကုန်ပုသိမ်လမ်း ရန်ကုန်ညောင်တုန်းလမ်း၊ အနော်ရထာ လမ်း၊ ကျန်စစ်သားလမ်း၊ ကနောင်မင်းသားကြီးလမ်း(ခေါ်)တပင်ရွှေထီးလမ်း ၊ ဗိုလ်အောင်ကျော်လမ်းများ ဟာဆိုရင် မော်တော်ယာဉ်ဖြတ်သန်းသွားလာမှုအများဆုံး လမ်းမကြီးများဖြစ်ပါတယ်။ ၄င်းလမ်းများအနက် ကနောင်မင်းသားကြီးလမ်းခေါ် တပင်ရွှေထီးလမ်းဟာဆိုရင် လွန်စွာဆိုးရွားပျက်စီးလျက်ရှိပါတယ်"ဟု လှိုင်သာယာမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က တင်ပြခဲ့သည်။

၄င်းလမ်းပိုင်းမှာ ငမန်းတံတားမှ ရွှေလင်ပန်းစက်မှုဇုန်အပိုင်းအထိအရှည်ရှိပြီး တပင်ရွှေထီး(ခေါ်) ကနောင် မင်းသားကြီးလမ်းဟု လူသိများပြီး ကုန်တင်ယာဉ်များမှာလည်း အဆိုပါလမ်းပိုင်းမှ ဖြတ်သန်းသွားလာလေ့ ရှိသည်ဟု ဦးဝင်းမောင်က ဆိုသည်။

" ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေရရှိပါက ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပထမခြောက်လပတ်ကာလအတွင်း လုပ်ငန်း ပြီးစီး အောင်ဆောင်ရွက်ရန်  လျာထားအပ်ပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ပြောသည်။

ကနောင်မင်းသားကြီးလမ်း(ခေါ်)တပင်ရွှေထီးလမ်းအား လမ်းပေါက်ဖာပြုပြင်ခြင်းနှင့် ထပ်ပိုးလွှာခင်းခြင်းများ ပြုလုပ်မည် ဖြစ်ပြီး  လမ်းပေါက်ဖာခြင်းအတွက် ကျပ် ၈၄၈.၃၂ သိန်း၊ ထပ်ပိုးလွှာ ၉၆၀၀. ၆၇ သိန်း ကုန်ကျမည် ဟု ရန်ကုန်မြို့ပြနှင့် အိမ်ယာ ဖွ့ံဖြိုးရေးဌာနမှ အင်ဂျင်နီယာအဖွဲ့မှ ကွင်းဆင်းတိုင်းတာချက်အရ သိရသည်။

အဆိုပါ ပြုပြင်မည့် ကနောင်မင်းသားကြီးလမ်း(ခေါ်)တပင်ရွှေထီးလမ်းမှာ မူလ ၂၂ ပေအကျယ် ၈လက်မထု ရှိပြီး အလျား ၁၅၀၄၂ ပေ ရှိသည့် အဆိုပါလမ်းပိုင်းအား ၂၂ပေ အကျယ် ၁၂ လက်မထု အဖြစ် ထပ်ပိုးလွှာခင်းရန် လျာထားခြင်း ဖြစ် သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly