ဂျေရုစလမ်အရှေ့ပိုင်းအား ပါလက်စတိုင်း၏မြို့တော်အဖြစ် မွတ်စလင်နိုင်ငံများ အသိအမှတ်ပြု

ဂျေရုစလမ်အရှေ့ပိုင်းအား ပါလက်စတိုင်း၏မြို့တော်အဖြစ် မွတ်စလင်နိုင်ငံများ အသိအမှတ်ပြု

 

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၁၄ ။          ။ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ)၏ အဖွဲ့ဝင်နိုင်ငံများက ဂျေရုစလမ်မြို့အရှေ့ပိုင်းကို ပါလက်စတိုင်းတို့၏မြို့တော်အဖြစ် ဗုဒ္ဓဟူးနေ့က အသိအမှတ်ပြုခဲ့ပြီး မြင့်မြတ်သောမြို့တော်အား အစ္စရေးတို့၏ မြို့တော်အဖြစ်ကြေညာခဲ့သည့် ၀ါရှင်တန်အစိုးရ၏ဆုံးဖြတ်ချက်ကို အတူတကွဆန့်ကျင်ကြဖို့ တစ်ကမ္ဘာလုံးကို တိုက်တွန်းခဲ့ကြသည်။

“ဘုရင်ကြီးများ၊ နိုင်ငံတော်ခေါင်းဆောင်ကြီးများ၊ အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ အဖွဲ့ဝင်နိုင်ငံများ က အစိုးရအဖွဲ့တို့ဟာ ဂျေရုစလမ်မြို့ကို အစ္စရေးတို့ရဲ့မြို့တော်အဖြစ် သတ်မှတ်ခဲ့တဲ့ အမေရိကန်သမ္မတရဲ့ တစ်ဖက်သတ်ဆန်တဲ့ဆုံးဖြတ်ချက်ကို အပြင်းထန်ဆုံးသော စကားလုံးများနှင့်ပြစ်တင်ဝေဖန်ပြီး ငြင်းဆန်ပယ်ချ လိုက်ပါတယ်” ဟု ဖော်ပြထားသော မွတ်စလင်နိုင်ငံများ၏ ကြေညာချက်အကျဉ်းချုပ်ကို အစ္စတန်ဘူလ်မြို့၌ ဖတ်ကြားခဲ့သည်။

မွတ်စလင်အများစုနေထိုင်သော နိုင်ငံပေါင်း ၅၇ နိုင်ငံက ၁၉၆၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် အိုအိုင်စီအဖွဲ့က ပြီးခဲ့သောဒီဇင်ဘာလ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ကြေညာချက်သည် ဥပဒေအရ တရားမဝင်ကြောင်းနှင့် တရားမျှတမှုကင်းမဲ့နေကြောင်း ပြောဆိုလိုက်ပြီး ယင်းဆုံးဖြတ်ချက်သည် ပါလက်စတိုင်းပြည်သူများ၏ အခွင့်အရေးကိုတိုက်ခိုက်ခြင်းဖြစ်သလို ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို တမင် ဖျက်ဆီးခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

ဆက်လက်ပြီး အမေရိကန်တို့၏ရပ်တည်မှုသည် အစွန်းရောက်ဝါဒီများအတွက် တွန်းအားဖြစ်သွားစေကြောင်း နှင့် နိုင်ငံတကာလုံခြံုရေးနှင့် ငြိမ်းချမ်းရေးကို ထိပါးသွားစေနိုင်ကြောင်း အိုအိုင်စီ၏ကြေညာချက်ထဲ၌ ဖော်ပြ ထားသည်။

နောက်ဆုံးအနေဖြင့် ကြေညာချက်ထဲ၌ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဂျေရုစလမ်မြို့ကို အစ္စရေးတို့၏ မြို့တော်အဖြစ်သတ်မှတ်သည့် နိုင်ငံများ၊ အကြီးတန်းအရာရှိများ၊ ပါလီမန်များ၊ ကုမ္ပဏီများနှင့် လူတစ်ဦးချင်းစီ ကို စီးပွားရေးနှင့် နိုင်ငံရေးအရ ကန့်သတ်သွားမည်ဟု ဖော်ပြထားသည်။

ဒါ့အပြင် ပါလက်စတိုင်းတို့အား ငွေကြေးအရ၊ စီးပွားရေးအရနှင့် သံတမန်ရေးရာအရ ထောက်ပံ့မှုများ ပိုမိုပေးအပ်သွားရန် အိုအိုင်စီအဖွဲ့ဝင်အားလုံးက တိုက်တွန်းပြောဆိုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly