ဒုံးပျံနှင့်တိုက်ခိုက်ခံရသည့်အတွက် ဂါဇာဒေသရှိ ဟားမက်စ်တို့၏စခန်းများကို အစ္စရေးတို့ဗုံးကြဲ

ဒုံးပျံနှင့်တိုက်ခိုက်ခံရသည့်အတွက် ဂါဇာဒေသရှိ ဟားမက်စ်တို့၏စခန်းများကို အစ္စရေးတို့ဗုံးကြဲ

 

ဂျေရုစလမ်၊ ဒီဇင်ဘာ ၁၄ ။                      ။ အစ္စရေးပိုင်နက်ထဲသို့ ဒုံးကျည်နှင့်ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးစစ်တပ်က ဂါဇာ ကမ်းမြှောင်ဒေသရှိ ဟားမက်စ်အစ္စလာမ်မစ် အဖွဲ့အစည်း၏ စခန်းများကို ဗုဒ္ဓဟူးနေ့က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု အစ္စရေးစစ်တပ်မှ ထုတ်ပြန်ကြေညာခဲ့သည်။

ဂါဇာနှင့် အစ္စရေးတောင်ပိုင်းနယ်စပ်ရှိ ဟော့ဖ်အက်ရှ်ကီလွန်နယ်မြေထဲ၌ ဒုံးပျံနှင့်တိုက်ခိုက်ခံရမှုအပြီးတွင် အချက်ပေးဥသြသံများ ဆူညံနေခဲ့သည်။

“ဒီနေ့အစောပိုင်းတုန်းက ဂါဇာကမ်းမြှောင်ကနေ အစ္စရေးပိုင်နက်ထဲကို ဒုံးပျံပစ်လွှတ်ပြီးတိုက်ခိုက်ခဲ့အတွက် လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးလေကြောင်းတပ်ဖွဲ့ (IAF) ဟာ ဂါဇာကမ်းမြှောင်တောင်ပိုင်းက ဟားမက်စ်တို့ရဲ့ စစ်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်” ဟု အစ္စရေးစစ်တပ်က အွန်လိုင်းပေါ်၌ သတင်းထုတ်ပြန်ခဲ့ သည်။

ဂါဇာဒေသမှ ပါလက်စတိုင်းလုံခြံုရေးတပ်ဖွဲ့များ၏အဆိုအရ အစ္စရေးတပ်ဖွဲ့များသည် ဂါဇာတောင်ပိုင်းရှိ စစ်စခန်း ၂ခုကို လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး အပျက်အစီးအဆုံးအရှုံးများရှိခဲ့ကြောင်း သိရသည်။

ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရ ပြီးခဲ့သောသတင်းပတ်အကုန်ကလည်း ဂါဇာဒေသအား ယင်းကဲ့သို့ လေကြောင်းမှတိုက်ခိုက်ခဲ့သောကြောင့် ပါလက်စတိုင်း ၂ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း သိရ သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ဂျေရုစလမ်မြို့အား အစ္စရေး၏မြို့တော်အဖြစ် ပြီးခဲ့သောအပတ်က သတ်မှတ်ခဲ့သည့်နောက်ပိုင်းတွင် ဒေသတွင်းတင်းမာမှုများ မြင့်တက်လာခဲ့ပြီး အနောက်ဘက်ကမ်းဒေသ တစ်လျှောက်၌ ဆန္ဒပြမှုပွဲများနှင့် အထိကရုဏ်းများ ပေါ်ပေါက်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly