“လွတ်လပ်ခြင်းသည် လက်လွတ်စပယ် ပြောဆိုရေးသားခြင်း မဟုတ်”ဟုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

“လွတ်လပ်ခြင်းသည် လက်လွတ်စပယ် ပြောဆိုရေးသားခြင်း မဟုတ်”ဟုနိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြော

ရန်ကုန် ဒီဇင်ဘာ ၁၃ ။           ။ လွတ်လပ်ခြင်းသည် လက်လွတ်စပယ် ပြောဆိုရေးသားခြင်းမဟုတ် ဆိုသည့်တာဝန်သိမှုကိုလည်း သတိပြုစေချင်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၇ စာပေညီ လာခံဖွင့်ပွဲ တွင် ပေးပို့ခဲ့သော သဝဏ်လွှာတွင် ဖော်ပြထားပေးသည်။

ဒီဇင်ဘာ ၁၂ ရက်နေ့၊ ညနေပိုင်းက ရန်ကုန်မြို့၊ မြို့တော်ခန်းမရှေ့တွင် စတင်ဖွင့်လှစ်ခဲ့သည့် ၂၀၁၇ စာပေညီလာခံဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က စာပေ၊ ရုပ်ရှင်၊ ဂီတစသည့် အနုပညာရပ်များသည် လူသားများ နှစ်သက်မြတ်နိုးကြသည်နှင့်အမျှ လူ့အဖွဲ့အစည်း အပေါ်တွင်လည်း လွှမ်းမိုးသက်ရောက်မှု ကြီးမားကြောင်း၊ အထူးသဖြင့် စာပေသည် လူများ၏ စိတ် နှလုံးများကို ပြုပြင်ပြောင်းလဲစေနိုင်သလို လူအများကို အသိပညာ ဗဟုသုတနှင့် ဉာဏ်အမြော်အမြင် များ တိုးပွားအောင်လည်း ဖန်တီးပေးနိုင်စွမ်းရှိ ကြောင်း၊ ထို့ကြောင့် တိုင်းပြည်တစ်ပြည်၏ စာပေ ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ယင်းတိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရန် အတွက် ကြီးမားစွာအထောက်အကူ ပြုနိုင်သည်ဟု ယုံကြည်ခြင်းဖြစ်ကြောင်း ဟု သဝဏ်လွှာတွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် ယနေ့ အချိန်သည် ကျွန်မတို့အနေဖြင့် နိုင်ငံသူနိုင်ငံသားများ လိုလားတောင့်တသည့် ငြိမ်းချမ်းသာယာဖွံ့ဖြိုးသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရန်အတွက် ပြည်သူနှင့်အတူ လက်တွဲဆောင်ရွက်နေချိန် ဖြစ် ကြောင်း၊ ပြည်တွင်း၊ ပြည်ပစိန်ခေါ်မှုများကို အမျိုး မျိုး ကျော်လွှားရမည်ဖြစ်ကြောင်း၊ ယခုအချိန်အခါ မျိုးတွင် ပြည်ထောင်စုကို တည်ဆောက်ကြမည့် နိုင်ငံသူနိုင်ငံသားများ အသိပညာနှင့်စိတ်ဓာတ်များ ဖွံ့ဖြိုးတိုးတက်စေရန် စာကောင်းပေမွန်များ ရေး သားပြုစုပေးမည့် စာပေပညာရှင်များ၏အခန်း ကဏ္ဍသည် အထူးအရေးကြီးကြောင်း ဖော်ပြထား ပြီး “လွတ်လပ်ခြင်းသည် လက်လွတ်စပယ် ပြော ဆိုရေးသားခြင်းမဟုတ်” ဆိုတဲ့ တာဝန်သိမှုကို လည်း သတိပြုစေချင်ပါတယ် ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာတွင် ရေး သားဖော်ပြခဲ့သည်။

၂၀၁၇ စာပေညီလာခံဖွင့်ပွဲအခမ်းအနားကို ပြန်ကြားရေးပြည်ထောင်စုဝန်ကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် စာပေ အနုပညာရှင်များ တက်ရောက်ခဲ့ကြသည်။

စာပေညီလာခံကို မြန်မာနိုင်ငံရှိ စာပေအဖွဲ့အစည်း ၁၁ ခုတို့ ပူးပေါင်း၍ ကျင်းပခြင်းဖြစ်ပြီး၊ ရန်ကုန်မြို့ မင်းဓမ္မလမ်းရှိ Myanmar Convention Center တွင် ယနေ့ ဒီဇင်ဘာလ ၁၃ရက်နေ့မှ ၁၅ ရက်နေ့ အထိ စာပေဆိုင်ရာ ဆွေးနွေးပွဲများ ဆက်တိုက် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ အမျိုးသားစာပေ ဆုရွေး ချယ်ရေးစနစ်နှင့် ပုံစံတိုးတက်ရေးဆိုင်ရာ များ၊ ရသစာပေပေါ်ထွန်းရေးအတွက် ဆောင်ရွက် မည့် အကြောင်းအရာများ၊ နေရာအခက်အခဲများနှင့် ရင်ဆိုင်နေရသည့် စာအုပ်ဆိုင်ကိစ္စများ၊ ထုတ်ဝေပြီး စာအုပ်များ နေရာအနှံ့ သယ်ယူပို့ဆောင်စရိတ် လျှော့ချပေးရေးဆိုင်ရာများကိုလည်း ဆွေးနွေးသွား မည်ဖြစ်သည်။

ညီလာခံ ဆွေးနွေးပွဲမှ ရလဒ်များကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးတို့ကို တင်ပြသွားမည် ဖြစ် ကြောင်း သိရသည်။

အမျိုးသားစာပေညီလာခံကို ၁၉၆၂ ခုနှစ်က နောက် ဆုံးကျင်းပခဲ့ပြီးနောက် ယခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရလက်ထက်တွင် မြန်မာ နိုင်ငံက စာပေအဖွဲ့အစည်း (၁၀)ဖွဲ့က ကျပ်သိန်း ၂၀၀၀ အကုန်ကျခံ၍ နှစ်ပေါင်း (၅၅)နှစ်အကြာ ပထမဆုံး ပြန်လည်ပြုလုပ်ခွင့်ရခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly