ရွှေသတ္တုလုပ်ကွက်များနှင့်နီးသော ကျေးရွာအချို့တွင် သောက်သုံးရေ အပါဝင် အခက်အခဲများရှိနေ

ရွှေသတ္တုလုပ်ကွက်များနှင့်နီးသော ကျေးရွာအချို့တွင် သောက်သုံးရေ အပါဝင် အခက်အခဲများရှိနေ
ဗန်းမောက်မြို့နယ်ရှိရွှေသတ္တုတူးဖော်ရေးလုပ်ငန်းတစ်ခုကို တွေ့ရစဉ်။

မုံရွာ၊ ဒီဇင်ဘာ ၁၃။          ။ စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်ရှိ ရွှေသတ္တုလုပ်ကွက်များနှင့်နီးသော ကျေးရွာအချို့တွင် သောက်သုံးရေ အခက်အခဲဖြစ်နေကြောင်း ဒေသခံများထံက စုံစမ်းသိရှိရသည်။

ဗန်းမောက်မြို့နယ်၊ မံကပ်ကျေးရွာ၊ ကော်တာကျေးရွာ၊ မံပင်ကျေးရွာ၊ အောင်ကုန်းကျေးရွာ တို့ရှိ ချောင်းများ သည် အပေါ်ယံရေခမ်းခြောက်ကာ နောက်ကျိနေကြောင်း အဆိုပါဒေသခံများက ပြောသည်။

"ချောင်းရေက နောက်ကျိနေလို့ တောသွားတာတောင် ရေဗူးဆောင်သွားရတယ်။ အရင်ကဆို တွေ့တဲ့ ချောင်းရေ သောက်လို့ရနေတာ။ အခုဆို ချောင်းရေ မသောက်ရဲတော့ဘူး။ တွင်းရေကိုပဲ သောက်ကြရတာ။ နောက်ပြီး ချောင်းထဲမှာလည်း ငါးတွေမရှိတော့ဘူး" ဟု မံကပ်ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

၄င်းကျေးရွာများအနီးရှိ ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီများမှ စွန့်ပစ်မြေများ၊ စွန့်ပစ်ရေများအား ချောင်းအတွင်းသို့ တောက်လျှောက် သွယ်တန်းကာ စွန့်ပစ်ထားကြပြီး ချောင်းရေသောက်သုံးမိသဖြင့် ခိုင်းနွားများ သေဆုံးခြင်းလည်းရှိကြောင်း ကော်တာကျေးရွာဒေသခံတစ်ဦးက ဆက်လက်ပြောဆိုသည်။

"ခွေလုံချောင်းရေ သောက်ပြီး နေရာမှာတင် နွားတွေသေတယ်။ တောသွားသူတွေက ချောင်းဘေး နွားသေနေတာမြင်လို့ အကြောင်းကြားမှ နွားရှင်တွေ လိုက်သွားရတာ။ ဒီလိုသေနေတာ အကောင် ၂၀ ကျော်ပြီ။ ချောင်းရေချိုးပြီး တစ်ကိုယ်လုံး ယားယံနေတာတွေလည်းရှိတယ်။" ဟု ၄င်းက ဆိုသည်။

ဒေသခံများသည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး လယ်ယာနားချိန်တွင် တောင်ပေါ်တက်ကာ တစ်နိုင်တစ်ပိုင် ရွှေရှာခြင်းလုပ်ငန်းများ လုပ်ကိုင်ကြကြောင်း၊ တောင်ပေါ်တက်ကာ ဟင်းသီးဟင်းရွက်များ ရှာဖွေစားသောက်ကြကြောင်း၊ ယခုအခါတွင် တောင်ပေါ်ပင်တက်ခွင့်မရကြတော့ကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါကျေးရွာများအနီးတွင် ထာဝရရွှေသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် အေးငြိမ်းဓန ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီတို့မှ ရွှေတူးဖော်မှုများပြုလုပ်ကြကြောင်း   ဒေသခံများနှင့်တွေ့ဆုံသတင်းရယူစဉ် ပြောကြားခဲ့ကြသည်။

ရွှေမိုင်းတူးဖော်ရာတွင် အဖွင့်နှင့် အပိတ်တူးဖော်ခြင်းများရှိပြီး ရရှိသောရွှေအား ပြန်လည်သန့်စင်ရာတွင် မာကျူရီခေါ် ပြဒါးကို အသုံးပြုပြီး ပြဒါးသည် လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly