ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် လက်ပံတောင်းဒေသခံတချို့ ကြိုးပမ်းမှု အထမမြောက်

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် လက်ပံတောင်းဒေသခံတချို့ ကြိုးပမ်းမှု အထမမြောက်
မြနန်းဘုံသာလမ်းထိပ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်ရရန် ကြိုးပမ်းနေသည့် လက်ပံတောင်းဒေသခံများနှင့် လုံခြုံရေးတာဝန်ရှိသူများ(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၇ခုနှစ်)။ ။ စစ်ကိုင်းတိုင်း၊ ဆားလင်းကျွန်းမြို့နယ်ရှိ လက်ပံတောင်းဒေသခံတချို့သည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် သူမနေထိုင်ရာ နေပြည်တော် လွှတ်တော်အနီးရှိ မြနန်းဘုံသာလမ်းသို့ ဒီဇင်ဘာ ၁၃ရက်၊ မွန်းလွဲပိုင်းတွင် လာရောက်ခဲ့ကြသည်။

လက်ပံတောင်းဒေသခံ ရဦး၊ လက်ပံတောင်းအရေးလှုပ်ရှားသူ ၅ဦး၊  စုစုပေါင်း ၁၂ဦးက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် လာရောက်ကြခဲ့ခြင်းဖြစ်ပြီး မြနန်းဘုံသာလမ်းထိပ်ရှိ လုံခြံုရေးဂိတ်တွင်ပင် လုံခြံုရေးတာဝန်ရှိသူများက ဆက်လက်သွားခွင့် မပြုခဲ့ပေ။

“တင်ပြချင်တာကို ကျွန်တော် တင်ပြပေးမယ်။ ကျွန်တော်က တာဝန်ခံပါ။ ရောက်အောင် တင်ပြပေးမယ်။ လုံခြံုရေးကတော့ ကျွန်တော်တို့က ခွင့်ပြုချက်မရရင် ပေးမဝင်ပါဘူး” ဟု လုံခြံုရေးရဲအရာရှိတစ်ဦးက ပြောသည်။

ထိုသို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရသောကြောင့် သူမထံ လိပ်မူထားသည့် တိုင်ကြားစာတစ်စောင်ကို အထက်ပါ လုံခြံုရေးအရာရှိမှတစ်ဆင့် ပေးအပ်ခဲ့သည်။

အဆိုပါ တိုင်ကြားစာတွင် “လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဆောင်ရွက်နေသည့်အပေါ် ဒေသခံတောင်သူများမှ နစ်နာဆုံးရှုံးမှုများ ဖြေရှင်းဆောင်ရွက်ပေးပါရန်နှင့် စုံ/ကော် အစီရင်ခံစာကို မလိုက်နာသည့် ဦးပိုင်၊ ဝမ်ပေါင်ကုမ္ပဏီအား အရေးယူပေးပါရန်” ဟု ရေးသားထားသည်။

“စုံ/ကော် အစီရင်ခံစာကို ဦးပိုင်၊ ဝမ်ပေါင်က ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာကို နို်င်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိပါရဲ့လား။ သိရင် ဘာလုပ်ပေးမလဲပေါ့။ အဲ့ဒီအတွက် ကျွန်တော်တို့က သိချင်လို့ စာပေးဖို့၊ တွေ့ဖို့ လာတာ” ဟု အလုပ်သမား၊ လယ်သမားအရေး လှုပ်ရှားသူတစ်ဦးလည်း ဖြစ်သူ ဦးအောင်မြင့်(ဘိုကလေး)က မီဒီယာများကို ပြောသည်။

လက်ပံတောင်းဒေသခံတစ်ဦးဖြစ်သည့် တောချောင်းကျေးရွာမှ ဒေါ်စန်းမြင့်ကလည်း “ဒေါ်စုကိုယ်တိုင် ဦးဆောင်တဲ့ စုံ/ကော်(စုံစမ်းရေးကော်မရှင်)အစီရင်ခံစာကို ဦးပိုင်၊ ဝမ်ပေါင်က လေးစား၊ လိုက်နာခြင်း မရှိသည့်အတွက် ကျွန်မတို့က ဒေါ်စုကို တင်ပြချင်လို့ လာရခြင်းဖြစ်တယ်” ဟု ဆိုသည်။

လက်ပံတောင်းဒေသခံတစ်ချို့ပါဝင်သည့် အဆိုပါ အဖွဲ့သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရရန် ကြိုးပမ်းပြီးနောက် တရုတ်သံရုံး ရုံးခွဲရှိရာ ACE Villa သို့လည်း သွားရောက်ခဲ့သေးသည်။ သို့သော် တာဝန်ရှိသူများနှင့် တွေ့ဆုံခွင့် မရခဲ့ပေ။

၎င်းတို့အနေဖြင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအစီအရင်ခံစာအတိုင်း လိုက်နာ၍ သီးနှံလျော်ကြေးများပေးလျော်ရန်နှင့် အစားထိုးစိုက်ပျိုးမြေများ အမြန်ဆုံးဖော်ထုတ်ပေးရန် လိုလားသည်ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရန် လာရောက်သူများက ပြောဆိုကြသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီတို့အကြား ၂၀၁၀ခုနှစ်၊ ဇွန်လ ၆ရက်တွင် စာချုပ်ချုပ်ဆိုခဲ့ကြပြီး သတ္တုတွင်းထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၏ ကြေးနီထုတ်လှုပ်မှုအပေါ် နိုင်ငံတော်က ၅၁ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီက ၄၉ရာခိုင်နှုန်း အချိုးဖြင့် ခွဲဝေရရှိနေသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ (၈)လအတွင်း နိုင်ငံတော်အတွက်ရရှိသည့် အကျိုးအမြတ် ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၂၀ခန့် ရှိသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိမ်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly