သြစတြီးယား၌ ဓာတ်ငွေ့ဖိုပေါက်ကွဲမှုကြောင့် လူတစ်ဦးထက်မနည်းသေဆုံးပြီး ၁၈ဦးခန့်ဒဏ်ရာရ

သြစတြီးယား၌ ဓာတ်ငွေ့ဖိုပေါက်ကွဲမှုကြောင့် လူတစ်ဦးထက်မနည်းသေဆုံးပြီး ၁၈ဦးခန့်ဒဏ်ရာရ

 

ဗီယင်နာ၊ ဒီဇင်ဘာ ၁၃ ။                   ။ သြစတြီးယားနိုင်ငံအရှေ့ပိုင်းရှိ သဘာဝဓာတ်ငွေ့ဖိုတစ်ခု အင်္ဂါနေ့အစောပိုင်းက ပေါက်ကွဲသွားခဲ့သောကြောင့် လူတစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၈ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့ပြီး မီးလောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

သြစတြီးယားအပြည်ပြည်ဆိုင်ရာ ဓာတ်ငွေ့နှင့်လောင်စာကုမ္ပဏီ OMV က ပိုင်ဆိုင်သော အဆိုပါဓာတ်ငွေ့ဖို သည် ဗီယင်နာမြို့၏အရှေ့ဘက်မှ ၂၅မိုင်ခန့် ကွာဝေးသောအရပ်၌ ဒေသစံတော်ချိန် မနက်ကိုးနာရီဝန်းကျင်ခန့် က ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယင်းပေါက်ကွဲမှုမှာပြင်းထန်လှသောကြောင့် အိမ်နီးချင်း ဆလိုဗက်ကီးယားနိုင်ငံ နယ်စပ်ရှိ ဓာတ်ငွေ့ရုံကိုပါ တစ်စိတ်တစ်ပိုင်း ထိခိုက်သွားစေခဲ့ကြောင်း သိရသည်။

“ဂန်ဆန်ဒေါ့ဖ်ခရိုင်အတွင်းက ဘွန်ဂါတန်အန်ဒါမာ့ချ်အရပ်မှာရှိတဲ့ ဓာတ်ငွေ့ဖိုတစ်ခု ပေါက်ကွဲသွားခဲပါတယ်။ အဲဒီ့နေရာဝန်းကျင်ကို ရှောင်သွားကြပါ။ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ ညွှန်ကြားချက်ကို လိုက်နာကြပါ” ဟု ဒေသဆိုင်ရာရဲတပ်ဖွဲ့က ၄င်းတို့၏ တွစ်တာမှတဆင့် အသိပေးကြေညာခဲ့သည်။

ထို့နောက်တွင် အခြေအနေအားလုံးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ၄င်းတို့ကပဲ တွစ်တာမှတဆင့် ထပ်မံကြေညာ ခဲ့ပြီး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဒဏ်ရာရရှိသူများကို ရဟတ်ယာဉ်နှင့် နီးစပ်ရာဆေးရုံသို့ပို့ဆောင်ခဲ့ပြီး မီးသတ်သမားများက မီးငြိမ်းသတ်ခဲ့ကြသည်။

ဓာတ်ငွေ့ဖိုပေါက်ကွဲခဲ့ရသည့်အကြောင်းရင်းမှာ နည်းပညာချို့ယွင်းမှုကြောင့်ဖြစ်ကြောင်း ဒေသတွင်းရှိ ရဲတပ်ဖွဲ့ က ပြောကြားခဲ့သည်။

ပေါက်ကွဲမှု၏အကျိုးဆက်အနေဖြင့် သြစတြီးယားမှ ဆလိုဗက်ကီးယားနိုင်ငံအတွင်းသို့ ဓာတ်ငွေ့စီးဆင်းမှုကို ခေတ္တကန့်သတ်ထားကြောင်း ဆလိုဗက်ကီးယားဓာတ်ငွေ့ကုမ္ပဏီ Eurstream က သတင်းထုတ်ပြန်ခဲ့သည်။

ဒါ့အပြင် ယင်းသို့မတော်တဆပေါက်ကွဲမှုသည် ဆလိုဗက်ကီးယားမှ ၀ယ်ယူသုံးစွဲများအပေါ် သက်ရောက်မည် မဟုတ်ကြောင်းနှင့် အခြားဓာတ်ငွေ့ပိုက်လိုင်းများသည် ပုံမှန်အတိုင်းကောင်းမွန်စွာ အလုပ်လုပ်လျက်ရှိကြောင်း ၄င်းတို့က ဖြည့်စွက်ပြောကြားခဲ့သည်။

ဒေသတွင်းမီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဖရန့်ဇ်ရက်စ်ပါဂျာက မြေအောက်ဓာတ်ငွေ့ပိုက်လိုင်း စတင် ပေါက်ကွဲမှုကြောင့် ဓာတ်ငွေ့ဖိုအနီးအနားရှိ အဆောက်အဦး ၆ လုံးခန့် မီးလောင်ကျွမ်းခဲ့ပြီး အနားရှိကားပါကင် အတွင်းမှ ကားအများအပြားလည်း တစ်စိတ်တစ်ပိုင်း အရည်ပျော်ကျသွားခဲ့ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly