မြောက်ကိုရီးယားဖက်သို့ ထွက်ပြေးပြီး ဂျပန်အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့သည့် အမေရိကန်တပ်ပြေး အသက် ရ၇ နှစ်တွင် ကွယ်လွန်

မြောက်ကိုရီးယားဖက်သို့ ထွက်ပြေးပြီး ဂျပန်အမျိုးသမီးနှင့် အိမ်ထောင်ကျခဲ့သည့် အမေရိကန်တပ်ပြေး အသက် ရ၇ နှစ်တွင် ကွယ်လွန်

ပြံုယမ်း၊ ဒီဇင်ဘာ ၁၂ ။        ။ မြောက်ကိုရီးယားနိုင်ငံဖက်သို့ ထွက်ပြေးပြီး ဆယ်စုနှစ် လေးစုမျှ နေထိုင်ခဲ့ရသည့် ချားဂျန်ကင်းဆိုသူ အမေရိကန်တပ်ပြေးသည် ဂျပန်နိုင်ငံတွင် အသက် ရ၇ နှစ်အရွယ်မှာ ကွယ်လွန်ကြောင်း တာဝန်ရှိသူများက ဒီဇင်ဘာ ၁၂ ရက်တွင် ပြောသည်။

မြောက်ကိုရီးယားဖက်သို့ ရောက်ရှိနေထိုင်ချိန် မြောက်ကိုရီးယားသို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခံရကာ ရောက်ရှိနေသည့် ဂျပန်အမျိုးသမီးတစ်ဦးနှင့်ပါ အိမ်ထောင်ကျခဲ့သူ ဂျန်ကင်းသည် ဂျပန်နိုင်ငံ ဆာဒိုမြို့ရှိ နေအိမ်အပြင်ဖက်တွင် ဒီဇင်ဘာ ၁၁ ရက်က လဲကျနေသည်ကို ၎င်းသမီးဖြစ်သူက တွေ့ရှိပြီး အရေးပေါ်ဌာနသို့ ဖုန်းဆက်ခေါ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်သတင်းစာ Asahi Shimbun သတင်းက ဖော်ပြသည်။

ဂျပန်ရှိ ဆာဒိုမြို့ဆေးရုံတစ်ရုံတွင် နှလုံးရောဂါဖြင့် ဂျန်ကင်းက ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းအစိုးရက ထုတ်ပြန်သည်။

ဂျန်ကင်းသည် ၁၉၆၅ ခုနှစ်အတွင်း အမူးလွန်ညတစ်ညတွင် ခံစစ်အခိုင်အမာပြုထားသော နယ်စပ်ကို ဖြတ်ပြီး တောင်ကိုရီးယားဖက်မှ မြောက်ကိုရီးယားဖက်သို့ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

နောက်ပိုင်း ၎င်း၏ အပြောအရ ယင်းအချိန်ကာလက ဗီယက်နမ်သို့ အပို့ခံရမည်ကို ကြောက်၍ မြောက်ကိုရီးယားဖက်သာ ရောက်ခဲ့လျှင် ၎င်းကို အိမ်ပြန်ပို့လိမ့်မှာပဲဖြစ်သည်ဟု တွေးထင်ကာ ထွက်ပြေးခဲ့ခြင်း ဖြစ်သည်ဟု ပြန်လည်ပြောဆိုခဲ့သည်။

သို့သော် ၎င်း ထင်သကဲ့သို့ ဖြစ်မလာဘဲ မြောက်ကိုရီးယားတွင် ၃၉ နှစ်အထိ နေထိုင်ခဲ့ရခြင်းပဲ ဖြစ်သည်။ ယင်းသို့ နေထိုင်ခဲ့ရချိန်များတွင် သူလျှိုသင်တန်းသားများအတွက် အင်္ဂလိပ်စာ သင်ပေးရခြင်း၊ ဝါဒဖြန့်ရုပ်ရှင်များတွင် အမေရိကန် ယန်ကီးစစ်သားအဖြစ် ဗီလိန်ဇာတ်ရုပ်များမှာ ပါဝင်သရုပ်ပေးရခြင်းများကို လုပ်ဆောင်ပေးခဲ့ရသည်။

၁၉၈၀ ခုနှစ်တွင် ဂျန်ကင်းသည် စစ်အေးကာလအတွင်း မြောက်ကိုရီးယားအေဂျင့်များ၏ အတင်းဖမ်းဆီးခေါ်ဆောင်လာခြင်းခံရသည့် ဂျပန်နိုင်ငံသူ ဆိုဂါနှင့် အိမ်ထောင်ကျခဲ့သည်။

၂၀၀၂ ခုနှစ်တွင် မြောက်ကိုရီးယားက ဆိုဂါအား ဂျပန်သို့ ပြန်ခွင့်ပြုခဲ့ပြီး နောက် နှစ်နှစ်အကြာတွင် ဂျန်ကင်းကိုပါ လိုက်သွားခွင့် ပေးခဲ့ရာ သမီးနှစ်ဦးကိုပါ ခေါ်ဆောင်၍ ဂျပန်သို့ ရောက်ရှိနေထိုင်နေကြခြင်းပဲ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly