ထရမ့်ကို ခနဲ့ဟန်ရှိသည့် “ကျွန်တော်တို့ ကမ္ဘာကြီးကို တစ်ဖန်ဂုဏ်မြှင့်စို့” လှုပ်ရှားမှုအား မက်ခရွန် ဖော်ဆောင်

ထရမ့်ကို ခနဲ့ဟန်ရှိသည့် “ကျွန်တော်တို့ ကမ္ဘာကြီးကို တစ်ဖန်ဂုဏ်မြှင့်စို့” လှုပ်ရှားမှုအား မက်ခရွန် ဖော်ဆောင်

ပါရီ၊ ဒီဇင်ဘာ ၁၂ ။          ။ သမ္မတ ဒေါ်နယ်ထရမ့် လက်ထက်တွင် အမေရိကန်နိုင်ငံက ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီမှုမှ နုတ်ထွက်ပြီး ရာသီဥတုသိပ္ပံရေးရာတွင်ပါ မပါရှိတော့သည်ကို ဖြည့်ဆည်းနိုင်ရေး လှုပ်ရှားဆောင်ရွက်မှုတစ်ရပ်အဖြစ် ပြင်သစ်က ကမကထပြု ဦးဆောင်ကာ “ကျွန်တော်တို့ ကမ္ဘာကြီးကို တစ်ဖန်ဂုဏ်မြှင့်စို့” လှုပ်ရှားမှုအား အကောင်အထည်ဖော် ဆောင်ရွက်သည်။

အဆိုပါ လှုပ်ရှားမှုတွင် အကူအညီပေးနိုင်ရေး အမေရိကန်သုတေသနပညာရှင် ၁၃ ဦးကို ပြင်သစ်သမ္မတ မက်ခရွန်က ရွေးချယ်ခန့်အပ်သည်။

“ခင်ဗျားတို့ကို ဦးစွာ ကျေးဇူးတင်လိုပါတယ်။ ဒီပွဲကို တက်ရောက်ဖို့ ဖိတ်ခေါ်တာကို လက်ခံတဲ့အတွက်၊ ပါရီကို လာဖို့ ဆုံးဖြတ်တဲ့အတွက်ပါပဲ။”ဟု မက်ခရွန်က ဆိုသည်။

“ကျွန်တော်တို့ရဲ့ အဓိက ပန်းတိုင်မျှော်မှန်းရာဟာ လက်ရှိ ရင်ဆိုင်နေရတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းနိုင်ရေးပါ။ ခင်ဗျားတို့ရဲ့ သုတေသနတွေ၊ လုပ်ငန်းတွေကိုလည်း အားပေးမြှင့်တင်ဖို့ရယ်ပါ။”ဟုလည်း ၎င်းက ပြောသည်။

မက်ခရွန်သည် ၎င်း၏ အဆိုပါ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာအား ဖြေရှင်းရေးအတွက် “ကျွန်တော်တို့ ကမ္ဘာကြီးကို တစ်ဖန်ဂုဏ်မြှင့်စို့” လှုပ်ရှားမှုကို ယူရိုငွေ သန်း ၃၀ (အမေရိကန်ဒေါ်လာ ၃၅ သန်း) မတည်မည်ဖြစ်ကြောင်းလည်း ပြောသည်။

“ကျွန်တော်တို့ ကမ္ဘာကြီးကို တစ်ဖန်ဂုဏ်မြှင့်စို့” ဆိုသော ကြွေးကြော်သံဆောင်ပုဒ်သည် ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ မဲဆွယ်စဉ်က “ကျွန်တော်တို့ အမေရိကန်ကို တစ်ဖန်ဂုဏ်မြှင့်စို့” ဆိုသော ကြွေးကြော်သံနှင့် သံတူကြောင်းကွဲလည်းဖြစ်ကာ ဒေါ်နယ်ထရမ့်မှာ အမေရိကန်အား ပါရီရာသီဥတုဆိုင်ရာ သဘောတူညီမှုမှ နုတ်ထွက်စေခဲ့သူ ဖြစ်သည်။

အဆိုပါ ပါရီရာသီဥတုဆိုင်ရာ သဘောတူညီမှုမှ နုတ်ထွက်သည့်နိုင်ငံမှာ အမေရိကန်တစ်နိုင်ငံတည်းသာ ရှိသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags