ဘင်္ဂါလီများနေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို HRW စိုးရိမ်နေ

ဘင်္ဂါလီများနေရပ်ပြန်ပို့ရေး သဘောတူညီချက်ကို HRW စိုးရိမ်နေ
ဘင်္ဂါလီ(ရိုဟင်ဂျာ) ဒုက္ခသည် စခန်းတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ-AFP

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ။           ။ ဘင်္ဂါလီ(ရိုဟင်ဂျာ) ဒုက္ခသည်များ နေရပ်ပြန်ပို့ရေး သဘောတူညီချက်နှင့် ပတ်သက်ပြီး မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်သည် ချို့ယွင်းမှုများ ရှိနေသည်ဟု အမေရိကန်ပြည်ထောင်စု ၊ နယူးယောက် မြို့အခြေစိုက် Human Rights Watch (HRW)  လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က  ထောက်ပြပြောဆိုလိုက်သည်။

"မြန်မာအစိုးရအနေနဲ့ ဘင်္ဂါလီ(ရိုဟင်ဂျာ) တွေ နေရပ်ဘေးကင်းစွာ ပြန်လာနိုင်စေဖို့အတွက် အခြေအနေတွေ ဖန်တီးဖို့ အသာထားဦး၊ ဘင်္ဂါလီ(ရိုဟင်ဂျာ) တွေအပေါ်  ညှဉ်းပန်းနှိပ်စက်တာတွေကို အဆုံးသတ် သွားအောင် အရင် လုပ်ရပါလိမ့်မယ်" လို့ HRW ရဲ့ ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ဒါရိုက်တာ Bill Frelick က ဆိုသည်။

ဒုက္ခသည်ပြန်ပို့ရေးဆိုင်ရာ နှစ်နိုင်ငံ သဘောတူညီချက်ကို ဖျက်သိမ်းလိုက်သင့်သည်ဟု HRW က မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရ နှစ်ခုစလုံးထံ စာရေးအကြောင်းကြားထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၈ ဇန်နဝါရီ ၂၃ မတိုင်ခင် ဘင်္ဂါလီ(ရိုဟင်ဂျာ) များကို မူလနေရပ်ပြန်ပို့ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား ရရှိထားသည့် သဘောတူညီချက်သည် ဒုက္ခသည်များ ဘေးကင်းလုံခြံုစွာ ပြန်သွားစေနိုင်ရန် မဖြစ်နိုင်သည့် အချိန်ဇယားတစ်ခုကို ဖန်တီး ထားရာ ရောက်နေသည်ဟု Human Rights Watch (HRW) လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

"ဘင်္ဂါလီ (ရိုဟင်ဂျာ)တွေရဲ့ အခွင့်အရေးတွေ ပြန်လည်အပ်နှင်းဖို့၊ သူတို့တွေ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်လာနိုင် စေဖို့ အတွက် ပြင်းပြင်းထန်ထန် အားထုတ်တာတွေကို လုပ်ရပါဦးမယ်" ဟု  HRW ရဲ့ ဒုက္ခသည်အခွင့်အရေး ဆိုင်ရာ ဒါရိုက်တာ Bill Frelick က ဆိုသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် တကျော့ပြန် ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုများကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြသည့် ဒုက္ခသည်အရေအတွက်သည် ယခုအချိန်တွင်  ၆ သိန်းကျော် ခန့် ရှိနေပြီဟု ကုလသမဂ္ဂမှ ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားသည်။

မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီအတွက် အကြံပေးအဖွဲ့ကို ဒီဇင်ဘာလ (၈) ရက်နေ့က ဖွဲ့စည်းထားသည်။

ယင်းအကြံပေးအဖွဲ့တွင် တောင်အာဖရိက၊ အမေရိကန်၊ ထိုင်း၊ ဆွီဒင် နှင့် အင်္ဂလန် စသည့် နိုင်ငံများမှ  ထိပ်တန်း နိုင်ငံရေးသမားကြီးများ၊ အစိုးရ အရာရှိဟောင်းများ ပါ၀င်သလို မြန်မာနိုင်ငံက နိုင်ငံတကာအရေး ကျွမ်းကျင်သူများလည်း ပါ၀င်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly