ကမ္ဘာလှည့်များကြား ရေပန်းမစားလှသော်လည်း ဟောင်ကောင်မှာ အာရှ၏ ထိပ်တန်း စီးပွားရေး အချက်အချာ မြို့တော်အဖြစ် ရပ်တည်နေဆဲ

ကမ္ဘာလှည့်များကြား ရေပန်းမစားလှသော်လည်း ဟောင်ကောင်မှာ အာရှ၏ ထိပ်တန်း စီးပွားရေး အချက်အချာ မြို့တော်အဖြစ် ရပ်တည်နေဆဲ

ဟောင်ကောင်၊ သြဂုတ် - ၁၉ ။       ။ အွန်လိုင်းမဂ္ဂဇင်းတစ်ခု၏ စစ်တမ်းအရ ကမ္ဘာလှည့်များက လည်ပတ်စရာ ဆွဲဆောင်မှုမရှိလှဟု ပြောကြားနေပြီး တရုတ်နိုင်ငံ တွင်လေကြောင်းလိုင်း ကြန့်ကြာမှုများက မြို့၏အဆင့်ကို ဆွဲချနေသော်လည်း ဟောင်ကောင်မှာ အာရှ၏ ထိပ်ဆုံးစီးပွားရေးအချက်အချာအဖြစ် ရပ်တည်နေဆဲဖြစ်သည်ဟု ဆိုသည်။

သုံးလကြာ ပြုစုထားသည့် SmartTravelAsia.com ၏ နှစ်စဉ်စစ်တမ်းအရ ယခုနှစ်တွင်လည်း ဟောင်ကောင်မှာ စင်ကာပူကို ဖြတ်ကျော်ကာ အာရှတွင် စီးပွားရေးအတွက် အကောင်းဆုံးမြို့အဖြစ် ဗိုလ်စွဲ သွားခဲ့ပြီး ရှန်ဟိုင်းက ဒုတိယနှင့် တိုင်ပေက တတိယ အသီးသီးရပ်တည်နေခဲ့သည်။

သို့ရာတွင် အားလပ်ရက် အပန်းဖြေခရီးထွက်ရန် နေရာအဖြစ်မူ ဟောင်ကောင်မှာ ဒုတိယနေရာမှ ပဉ္စမနေရာသို့ ဆင်းသွားခဲ့ပြီး ဘန်ကောက်က ထိပ်ဆုံးနေရာတွင် ရပ်တည်နေခဲ့ကာ ဘာလီက ဒုတိယ၊ ဒူဘိုင်း၊ ဖူးခတ်နှင့် တိုင်ပေတို့ တတိယ စသည်ဖြင့် အသီးသီးရပ်တည်နေခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် စင်ကာပူ၏ ပင်နီဆူလာဟိုတယ်မှာလည်း ယမန်နှစ်က အပန်းဖြေဟိုတယ်များထဲတွင် ဗိုလ်စွဲနေခဲ့ရာမှ ဧကာဒသမ (ဆယ့်တစ်)နေရာသို့ ထိုးဆင်းသွားခဲ့သည်။

‘တကယ်တော့ ဟောင်ကောင်ဟာ ထိပ်ဆုံးစီးပွားရေးမြို့တော်နေရာကို နှစ်ပေါင်းများစွာ ဗိုလ်စွဲလာခဲ့တာပါ။ အပျော်နဲ့ စီးပွားရေးကို သက်သောင့်သက်သာ ပေါင်းစပ်ပေးနေတဲ့ မြို့တော်ကြီးပါပဲ’’ဟု SmartTravelAsia.com၏ အယ်ဒီတာ ဗီဂျေး ဘာ့ဆေးက ပြောကြားခဲ့သည်။

‘ဟောင်ကောင်မှာ ဈေးဝယ်ထွက်ရတာက အခြေခံကျပြီး ရိုးရှင်းပါတယ်။ သင် ဘယ်နေရာမှာမဆို ဝယ်လို့ရနိုင်တဲ့ ဥရောပတံဆိပ်တွေပါပဲ’ဟု ၎င်းက ပြောကြားခဲ့သည်။

Cathay Pacific လေကြောင်းလိုင်းမှာလည်း ယမန်နှစ်က ကမ္ဘာ့ထိပ်ဆုံးလေကြောင်းလိုင်းအဆင့်မှ တတိယနေရာသို့ ကျဆင်းသွားခဲ့ပြီး စင်ကာပူလေကြောင်းလိုင်းက ယမန်နှစ်က ဒုတိယနေရာမှ ထိပ်ဆုံးနေရာသို့ တက်လှမ်းလာခဲ့သည်။ သို့ရာတွင် မဂ္ဂဇင်းက စစ်တမ်းကောက်ခဲ့သည့် စာဖတ်သူများကမူ တရုတ်ပြည်မကြီးမှ လေကြောင်းအစီအစဉ်ပြဿနာများက ဟောင်ကောင်လေကြောင်းလိုင်းများကို ထိခိုက်နစ်နာနေစေသည်ဟု မကျေမနပ်အပြစ်တင်ကြကြောင်း ဗာ့ဆေးက ပြောကြားခဲ့သည်။

 ‘အစီအစဉ်ကို အသေအချာ မခန့်ခွဲနိုင်တာကြောင့် လေယာဉ်တွေရောက်လာတဲ့အခါ နေရာလုံလုံလောက်လောက် မရှိတော့ဘူး။ ချောချောမွေ့မွေ့ စီးဆင်းဖို့ အခက်တွေ့နေရပါတယ်’’ဟု ဗာ့ဆေးကပြော ကြားခဲ့သည်။ ဟောင်ကောင်၏ Mandarin Oriental ဟိုတယ်မှာမူ အာရှတွင် ထိပ်တန်းစီးပွားရေးဟိုတယ်အဖြစ် နှစ်နှစ်ဆက်တိုက် ရပ်တည်နေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly