ထိုင်းရှိ AAC အဖွဲ့ရပ်ဆိုင်းလိုက်ပြီး မြန်မာအလုပ်သမားများအား မြန်မာသံရုံးမှ ဆက်တာဝန်ယူမည်

ထိုင်းရှိ AAC အဖွဲ့ရပ်ဆိုင်းလိုက်ပြီး မြန်မာအလုပ်သမားများအား မြန်မာသံရုံးမှ ဆက်တာဝန်ယူမည်

 

ထိုင်းနိုင်ငံရှိ  မြန်မာရွှေ့ပြောင်းလုပ်သားများအရေး အကူညီပေးနေသော အဖွဲ့တစ်ခုဖြစ်သည့် AAC မြန်မာ အလုပ်သမားကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့ကို ယမန်နေ့က တရားဝင် ရပ်ဆိုင်းလိုက်ပြီး ၎င်းအဖွဲ့ တာဝန်ယူပေးနေသော မြန်မာအလုပ်သမား ၁၀၀ ကျော်အတွက် မြန်မာသံရုံးမှ ဆက်လက် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဟာချိုင်ရှိ  AAC ဂေဟာတွင် လက်ရှိ ခိုလှုံနေသော ဒုက္ခသည် ၁၁၆ ယောက် ရှိပြီး အလုပ် အဆင်မပြေ သောသူများ၊ လုပ်ငန်းခွင်မှာ ထိခိုက်မိသူများ ပါ၀င်ပြီး ယမန်နေ့က အဆိုပါသူများအား ဆက်လက်ကူညီရန် ဆုံးဖြတ်ထားပြီးနောက် မြန်မာသံရုံးမှ ဆက်လက်ဆောင်ရွက်ပေးမည်ဟု သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့က  AAC အဖွဲ့သားများ  အစည်းအဝေးပြုလုပ် ဆွေးနွေးခဲ့ကြပြီး ရပ်ဆိုင်းရန် သဘောတူခဲ့ကြခြင်းဖြစ်ပြီး အဖွဲ့အား သေချာဖွဲ့စည်းရေး ရပ်ဆိုင်းရခြင်းဟု ပြောဆိုခဲ့သော်လည်း အဖွဲ့အပေါ် ခြိမ်းခြောက်ပြောဆိုမှုများလည်း ရှိကြောင်းသိရသည်။

“ AAC မဟာမိတ်အဖွဲ့အနေနဲ့ မြန်မာအလုပ်သမားအရေးတွေ ဆောင်ရွက်ချင်ပါသေးတယ်။ ဒါပေမယ့် အဖွဲ့ကို ခိုင်ခိုင်မာမာဖြစ်အောင် ပြင်ဆင်ချင်တာရယ်၊ အလုပ်သမားတွေကို တစ်ချိန်မှာ ကူညီနိုင်ခွင့် ရအောင်ရယ်၊ ကျွန်တော်တို့ တစ်ခုခု စဉ်းစားဆုံးဖြတ်မှ ဖြစ်အောင်ရယ်ဆိုပြီး အစည်းအဝေးထိုင်ပြီး ကြေညာလိုက်ခြင်း ဖြစ်ပါတယ် ” ဟု AAC အဖွဲ့ တာဝန်ခံ ကိုရဲမင်းက ဆိုသည်။

နိုဝင်ဘာလ ၂၆ ရက်က ထိုင်းနိုင်ငံ မဟာချိုင် ထာ့ဆိုင်ရပ်ကွက်၊ ခေါခုင်လမ်းတွင် AAC မြန်မာ အလုပ်သမား ကူညီစောင့်ရှောက်ရေးမဟာမိတ်အဖွဲ့၏ ဂေဟာကို ဖွင့်လှစ်ခဲ့သော်လည်း ဒီဇင်ဘာလ ၁၁ ရက်တွင် ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကာ အဆိုပါအဖွဲ့သည် ၃ နှစ်ခန့် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်ပေးခဲ့သော အဖွဲ့ ဖြစ်သည်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ထိုင်းထီ ဘတ် သိန်း၆၀ ( မြန်မာငွေ သိန်း၂၅၀၀ခန့် ) ထီပေါက်ခဲ့သော မြန်မာ အလုပ်သမား ဇနီးမောင်နှံနှစ်ဦးကို ဆုငွေ ရရှိအောင် AAC အဖွဲ့မှ ကူညီဆောင်ရွက်ပေးခဲ့သည်။

ထိုင်းနိုင်ငံတွင် သေနတ်ဖြင့် ကိုကိုယ့်ကို သတ်သေသွားကြောင်း ထိုင်းရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသော အိမ်အကူ ကရင်မလေးနော်ညိုအေး သေဆုံးမှုနှင့် ပတ်သက်ပြီး ၃ လ အကြာ နိုဝင်ဘာလမှာ အမှုပြန်လည်စစ်ဆေးရန် AAC အဖွဲ့က လုပ်ဆောင်နိုင်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly