မန္တလေးစျေးချိုတော်အား ဓါတုဆိုးဆေး ကင်းလွတ်စျေးဖြစ်ရန် ဆောင်ရွက်နေ

မန္တလေးစျေးချိုတော်အား ဓါတုဆိုးဆေး ကင်းလွတ်စျေးဖြစ်ရန် ဆောင်ရွက်နေ
(ဓာတ်ပုံ- FDA Mandalay)

 

ဒီဇင်ဘာ ၁၂ ။               ။ မန္တလေးစျေးချိုတော်အား ဆိုးဆေးနှင့်ဓါတုဆိုးဆေး ကင်းလွတ်သည့် စျေးဖြစ်စေရန် ဆောင်ရွက်လျှက်ရှိသည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကပြောသည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(မန္တလေး)သည် မန္တလေးမြို့စျေးချိုတော်ကြီးအား ၂၀၁၇ ခုနှစ် အကုန်တွင် ခွင့်မပြုဓါတုဆေးကင်းစင်သော စျေးအဖြစ် ဖြစ်ပေါ်လာစေရေးအတွက် စီမံချက်ရေးဆွဲ၍ ပြုလုပ်နေသည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး(ဆဋ္ဌမနေ့)တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသိန်းဟန်မေးမြန်းသည့် FDA မှစားသုံးရန်မသင့် ထုတ်ပြန်ကြေညာထားသော အစားအသောက်နှင့်ဆေးဝါးများအား မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရောင်းချမှုမရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ မေးမြန်းခဲ့ခြင်းကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

စျေးများတွင် ခွင့်မပြုဓါတုဆေးဝါးများကင်စင်ရေးအတွက် ၂၀၁၆ခုနှစ်၊ရက် ၁၀၀ စီမံချက်မှအစပြု၍ စားသုံးသူပြည်သူများနှင့် စျေးသည်များအား ခွင့်မပြုဓါတုဆေးဝါးများ ဓါတုပစ္စည်းများ၏ ဘေးန္တရာယ် အသိပညာပေး ဟောပြောခြင်းများ စျေးကွက် စီစစ်ထောက်လှမ်းခြင်းများ ဆောင်ရွက်ခဲ့ရာ အတိုင်းအတာ တစ်ခုထိ အောင်မြင်ခဲ့သည်ဟု ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

"၂၀၁၇ခုနှစ်တွင် အသစ်တိုးချဲ့ဖွင့်လှစ်လိုက်သော မတ္ထီလာနှင့်ညောင်ဦးခရိုင်ရှိစျေးများတွင်လည်း အစားအသောက်နမူနာများပေးပို့၍ အစားအသောက်ဦးစီးဌာ၊ဓါတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးပြီး လိုအပ်သော အရေးယူမှုများ ဆောင်ရွက်လျှက်ရှိပါပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနအနေဖြင့် မန္တလေးမြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ စျေးများအား အပတ်စဉ် စျေးကွက်နမူနာများ ဝယ်ယူစစ်ဆေးလျှက်ရှိပါတယ်။"ဟု ၎င်းကဆက်လက်ပြောသည်။

ခွင့်မပြုဓါတုဆိုးဆေးနှင့်ဓါတုပစ္စည်းများပါဝင်သော အစားအသောက်များ ထုတ်လုပ်ရောင်းချနေသည့် လုပ်ငန်းများအား အစားအသောက်နှင့်ဆေးဝါး ကြီးကြပ်ကွပ်ကဲရေးကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက် နှင့်အညီ သက်သေခံပစ္စည်းများအားသိမ်းဆည်းခြင်း၊ဆိုင်အား ရောင်းချခွင့်ပတ်သိမ်းခြင်း လုပ်ငန်းများအား ထုတ်လုပ်ခွင့် ရပ်ဆိုင်းခြင်း၊ခံဝန်ကတိရေးထိုးစေခြင်းများဖြင့် အရေးယူခဲ့ကြောင်း ၎င်းကဆိုသည်။

စားသုံးရန်မသင့်သော အစားအသောက်များအား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၏ အင်တာနက် စာမျက်နှာများနှင့်နို်င်ငံပိုင် သတင်းစာတို့တွင် ပြည်သူလူထုသိရှိရန်   ကြော်ငြာထားပြီး ကြေငြာထားသော၊စားသုံးရန်မသင့်သော အစားအသောက်များ စျေးကွက်တွင် ရောင်းချခြင်းရှိမရှိကိုလည်း စစ်ဆေးလျှက်ရှိ သည်ဟု ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

ခွင့်မပြု ဓါတုဆိုးဆေးကင်းစင်သော စျေးချိုတော်အဖြစ်ပေါ်ထွန်းလာပြီးနောက် မန္တလေးမြို့တော် စည်ပင်သာယာရေးနယ်နိမိတ်အတွင်းရှိ အခြားစျေးများတွင်လည်း ခွင့်မပြုဓါတုဆိုးဆေးကင်းစင်သော စျေးများဖြစ် ဆက်လက်ပေါ်ထွန်းလာမည်ဟု ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကဆိုသည်။

စားသုံးသူ ပြည်သူလူထုအား ခွင့်မပြုဆိုးဆေး၊ဓါတုပစ္စည်းများကင်းစင်ရေး၊ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များရရှိရေးအတွက် ကျန်းမာရေး အသိပညာပေး ဟောပြောခြင်းများ၊ သတင်းထုတ်ပြန် ခြင်းများ၊ စျေးကွက်ထောက်လှမ်းခြင်းလုပ်ငန်းများကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးကြီးကြပ် ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့်အင်တိုက်အားတိုက် ဆောင်ရွက်သွားမှာဖြစ်ပြီး စုံစမ်းဖော်ထုတ် တရားစွဲဆို အရေးယူမှုများ လုပ်ဆောင်သွားမည်ဟု ဒေါက်တာဇော်မြင့်ကဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly