အဆင့်ဆင့်လက်လွှဲရောင်းချထားသည့် ရုပ်ရှင်ရုံမြေနေရာ ၆ လ အတွင်း မဆောက်လျှင် အစိုးရ ပြန်သိမ်းမည်

အဆင့်ဆင့်လက်လွှဲရောင်းချထားသည့် ရုပ်ရှင်ရုံမြေနေရာ ၆ လ အတွင်း မဆောက်လျှင် အစိုးရ ပြန်သိမ်းမည်
ဓာတ်ပုံ - ဦးညီညီ

 

ရန်ကုန်၊ ဒီဇင်ဘာ ၁၂ ။               ။ အဆင့်ဆင့်လက်လွှဲရောင်းချထားသည့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ ၂၀ ရပ်ကွက်၊ ရုပ်ရှင်ရုံမြေနေရာတွင် ၆ လအတွင်း ရုပ်ရှင်ရုံ မဆောက်ပါက အစိုးရမှ ပြန်သိမ်းမည်ဟု တောင်ဒဂုံမြို့နယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီ က ပြောသည်။

ယခင်က အဆင့်ဆင့် လက်လွှဲရောင်းချခဲ့ခြင်းဖြစ်ပြီး အဆိုပါနေရာမှာ ရောင်းချပိုင်ခွင့်မရှိသော မြေနေရာ ဖြစ်သည်ဟု သိရသည်။

" သူတို့က ဆင့်ကဲဆင့်ကဲ ရောင်းသွားတာ၊ ရောင်းပိုင်ခွင့် လုံးဝမရှိဘူး၊ မရှိတဲ့အပေါ်မှာကိုတော့ အခုတော့ သူတို့ကို ဘယ်လိုခေါ်မလဲ၊ ဖြေလျှော့တဲ့ အနေနဲ့ပေါ့ဗျာ၊ အဲဒီနေရာမှာ ရုပ်ရှင်ရုံကိုလည်း ၆ လအတွင်းမှာ အကောင်အထည်ဖော်ဖို့အတွက်ကို ကတ်ဘိနက်အစည်းအဝေးမှာတော့ ဒီဟာကို Drawing တင်ရမယ်၊ နောက်ထပ် ၃ လမှာ တည် ဆောက်ဖို့အတွက် ဖောင်ဒေးရှင်းချတာတွေ ဘာ တွေလုပ်ရမယ်" ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

လက်လုပ်လက်စားအများစုနှင့် လူဦးရေ ၅ သိန်း ဝန်းကျင် နေထိုင်နေသည့် ရန်ကုန်တိုင်း၊ တောင် ဒဂုံမြို့နယ် တွင် ပြည်သူများ အပန်းဖြေရန်အတွက် ရုပ်ရှင်ရုံတည်ဆောက်ပေးရန် လွှတ်တော်ကိုယ်စား လှယ် ဦးညီညီက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် တောင်းဆိုခဲ့ပြီးနောက် ယင်းမြေနေရာ များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့မှ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဒေါ်နော်ပန်းသဥ္ဇာမျိုးနှင့် ကွင်းဆင်းစစ်ဆေးခဲ့ပြီးနောက် ယင်း သို့ စစ်ဆေးပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၂ဝ ရပ်ကွက်၊ ရုပ်ရှင်ရုံဆောက်မည့် မြေနေရာကို အိုးအိမ်ဦးစီးဌာနမှ နှစ် ၆ဝ ဂရန် ထုတ်ပေးထားသည် ကို စစ်ဆေးတွေ့ရှိရပြီး၊ ယင်းနေရာတွင် ရုပ်ရှင်ရုံဆောက်လုပ်ခြင်းမရှိပါက အစိုးရက ပြန်သိမ်းမည်ဟု ၄င်းက ဆက်ပြောသည်။

"မလုပ်ရင် ၊ မလုပ်နိုင်ဘူး ဆိုရင်တော့ အစိုးရကနေ ဒါကိုပြန်သိမ်းပြီးတော့ ၊ ဂရန်ကို ပြန်သိမ်းပြီးတော့ အစိုးရ ကပဲ ဦးဆောင်ပြီး ရုပ်ရှင်ရုံဆောက်သွားဖို့ ရှိတယ်ဆိုတာကို ကက်ဘိနက်အစည်းအဝေးမှ ချမှတ်ပြီးသား ဖြစ်ပါ တယ်" ဟု တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက ပြောသည်။

ယင်းမြေနေရာသည် ၁ ဧက နီးပါးရှိပြီး၊ ရုပ်ရှင်ရုံ ဆောက်မည့်မြေကို လုပ်ငန်းရှင်တစ်ဦးက ၃ နှစ် စာချုပ်ဖြင့် ငှားရမ်းခဲ့ပြီး၊ ယခင်အစိုးရလက်ထက် တွင် အိုးအိမ်ဌာနက ရောင်းခွင့်၊ပေါင်နှံခွင့်ရှိသည့် နှစ် ၆ဝ ဂရန်ထုတ်ပေးခဲ့ ကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မြေလွတ်မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေး ဥပဒေသည် စီမံကိန်းလုပ်ဆောင်ခြင်း မရှိသည့် မြေကွက်နှင့် အဆောက်အဦများအားအစိုးရမှ  ပြန်လည်သိမ်းယူနိုင်သည့် ဥပဒေဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၌ ရက်ပေါင်း ၂၃ ရက်ကြာဆွေးနွေးခဲ့သည့် နိုင်ငံပိုင်အဆောက်အဦနှင့် မြေကွက်များအား လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ခြင်းမရှိပါက  ပြန်လည်သိမ်းယူရန် အဆိုအား အောက်တိုဘာ လ ၂၆ ရက်က ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly