"လင်္ကာဒီပချစ်သူ" စင်တင်ပြဇာတ် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်

"လင်္ကာဒီပချစ်သူ" စင်တင်ပြဇာတ် မန္တလေးမြို့တွင် ကျင်းပပြုလုပ်မည်

 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၂ ။               ။ စာရေးဆရာချစ်ဦးညို ၏ နာမည်ကြီးဝတ္ထုဖြစ်သည့် "လင်္ကာဒီပချစ်သူ" ကို ဒါရိုက်တာဇာနည် မှ စင်တင်ပြဇာတ် အဖြစ် အသက်သွင်း ပုံဖော်တင်ဆက်မည် ဖြစ်ကာ ထိုပြဇာတ်ကို မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

"လင်္ကာဒီပချစ်သူ" စင်တင်ပြဇာတ် နှင့် ပတ်သက်ပြီး စာနယ်ဇင်းများ နှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဒီဇင်ဘာ ၁၁ရက်တွင် ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ပြီး ပါ၀င် သရုပ်ဆောင် ကြမည့် သရုပ် ဆောင်များ တက်ရောက်ခဲ့ကြသည်။

 ထို စင်တင်ပြဇာတ်ကြီးကို Mandalay Entertainment မှ စီစဉ်တင်ဆက်ခြင်း ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီလ (၃၀) ရက် ၊ (၃၁) ရက်များတွင် မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံတွင် ကပြဖျော်ဖြေသွားရန် စီစဉ်ထားခြင်း ဖြစ် သည်။

 ဒါရိုက်တာဇာနည်က တာဝန်ယူပြီး ပြဇာတ်တွင် ပါ၀င်ကြမည့် သရုပ်ဆောင်များမှာ သရုပ်ဆောင် ကျော်သူ ၊ လူမင်း ၊ သူထူးစံ ၊ ကျော်ကျော်ဗို ၊ ကျော်ကျော် ၊ ခိုင်သင်းကြည် ၊ ဝတ်မှုံရွှေရည် ၊ ဆုမြတ်နိုးဦး ၊ သဥ္ဇာမြင့်မိုရ် တို့ ပုံဖော်သွားမည် ဖြစ်သည်။

 "လင်္ကာဒီပချစ်သူ" စင်တင်ပြဇာတ် ကို ဒါရိုက်တာ မှ ပြဇာတ်သဘောမျိုး မဟုတ်ပဲ ရုပ်ရှင် တစ်ကား ကြည့်ရှု ခံစားနေရသလို ပြင်ပတွင် ဖြစ်ပျက်နေသည့် ပုံစံအတိုင်း စင်ပေါ်တွင် တင်ဆက်သွားရန် စီစဉ်ထားခြင်း ဖြစ် သည်။

 ဝတ္ထုသက်တမ်း အနှစ်လေးဆယ်ရှိပြီ ဖြစ်သည့် လင်္ကာဒီပချစ်သူသည် ရုပ်ပြ ၊ တိတ်ခွေ ၊ သီချင်း ၊ ဗီဒီယို စသည်ဖြင့် ဆင့်ပွား အနုပညာပုံစံများဖြင့် ကူးပြောင်းခဲ့သလို ရုပ်ရှင်ဇာတ်ကားကြီး အဖြစ် ပြသရန် အကြိမ်ကြိမ် ကြိုးစားခဲ့ကြပေမယ့် အထမမြောက်ခဲ့တာကြောင့် ယခုအခါတွင် မန္တလေး အမျိုးသားကဇာတ်ရုံ တွင် ဆိုင်ရာ သရုပ်ဆောင်တို့၏ အနုပညာ နှင့် ဇာတ်ခုံဆိုင်ရာ ခေတ်မီ အတတ်ပညာ တို့ဖြင့် တင်ဆက် တော့မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly