စစ်တွေမှာ တန်ဖိုးနည်း တိုက်ခန်းများ အရစ်ကျ ရောင်းချမည်

စစ်တွေမှာ တန်ဖိုးနည်း တိုက်ခန်းများ အရစ်ကျ ရောင်းချမည်
စစ်တွေမှာ ရောင်းချမည့် တန်ဖိုးနည်း တိုက်ခန်းအိမ်ရာ (ဓာတ်ပုံ - အောင်အောင်ထူး/RiA)

 

စစ်တွေ၊ ဒီဇင်ဘာ ၁၂ ရက်။                            ။ အိမ်ပိုင်ခြံပိုင် မရှိသေးသည့် နိုင်ငံဝန်ထမ်းများနှင့် အငြိမ်းစားများအပါအဝင် ပြည်သူ လူထုများအား တန်ဖိုးနည်း တိုက်ခန်းများကို ရောင်းချနိုင်ရန် အသင့်ဖြစ်နေပြီဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

တန်ဖိုးငွေ ကျပ်သိန်း ၁၅၀ မှ စတင်သော ရေမီးအစုံပါဝင်သည့် အဆိုပါ တိုက်ခန်းများကို စစ်တွေမြို့၊ ရွှေပြည်သာ ရပ်ကွက်တွင် တည်ဆောက်ထားပြီးဖြစ်ကာ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် စတင်ရောင်းချမည် ဖြစ်သည်။

“ အိမ်ယာမဲ့နေတဲ့ဝန်ထမ်းတွေ၊ အငြိမ်းစားဝန်ထမ်းတွေ၊ ကုမ္ပဏီဝန်ထမ်းတွေ၊ ပြည်သူလူထုတွေကို ကျနော်တို့ ရောင်းချသွားမှာဖြစ်ပါတယ်။” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။

တိုက်ခန်းဝယ်ယူရန် လျှောက်လွှာများကို စစ်တွေမြို့ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ လာရောက် ဝယ်ယူနိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဝယ်ယူရန် လျှောက်လွှာတင်မည့်သူများအနေဖြင့် နိုင်ငံဝန်ထမ်းဖြစ်လျှင် သက်တမ်း ၁၀ နှစ်ထက်မနည်း တာဝန်ထမ်းဆောင်ခဲ့သူများ ဖြစ်ရန်လိုအပ်ပြီး အမှန်တကယ် အိုးအိမ်မရှိသူများဖြစ်ရန်လည်း လိုအပ်သည်ဟု တန်ဖိုးနည်းတိုက်ခန်းများရောင်းချမည့် စည်းမျဉ်းစည်းကမ်းတွင် ဖော်ပြပါရှိသည်။

ယင်းအပြင် လျှောက်လွှာပါ စည်းကမ်းများအရ ဝယ်ယူထားသူအနေနှင့် အဆိုပါ တိုက်ခန်း မဝယ်မီကာလက အိမ်မြေပိုင်ဆိုင်မှုများရှိခဲ့သည်ဟု စိစစ်တွေ့ရှိလာပါက ပေးသွင်းထားသည့် တန်ဖိုး၏ ၅ ရာခိုင်နှုန်းကို ဖြတ်တောက်ပြီး ယင်းတိုက်ခန်းကိုပါ ပြန်လည် သိမ်းယူသွားမည်ဟု သိရသည်။

ရောင်းချမည့် တန်ဖိုးနည်း တိုက်ခန်းမှာ ၆ ခန်းတွဲ အဆောက်အဦးပေါင်း ၄ လုံး ဖြစ်ပြီး အခန်းပေါင်း ရ၂ ခန်း ပါဝင်ပြီး တိုက််ခန်းတစ်ခန်းစီတွင် ဧည့်ခန်း ၁ ခန်း၊ အိပ်ခန်း ၂ ခန်း၊ ထမင်းချက်ခန်း နှင့် ရေချိုးခန်းတို့ကို ခွဲထားသည့် ၁ ခန်းစီပါဝင်ပြီး ရေအိမ်သာ တစ်ခန်းတို့ ပါဝင်ကြောင်း သိရသည်။

စျေးနှုန်းများအဖြစ် မြေညီထပ် အစွန်ဆုံးအခန်းအား ကျပ်သိန်း ၂၂ဝ၊ မြေညီထပ် အတွင်းဖက်ခန်းအား ကျပ်သိန်း ၂၀၀ နှင့် ပထမထပ် အစွန်ဆုံးအခန်းအား ကျပ်သိန်း ၁၈၅ သိန်း၊ ပထမထပ် အတွင်းဖက်အား သိန်း ၁၇၀၊ ဒုတိယထပ် အစွန်ဆုံးခန်း သိန်း ၁၆၀၊ ဒုတိယထပ် အတွင်းဖက်ခန်း သိန်း ၁၅၀ အဖြစ် သတ်မှတ်ထားရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆိုသည်။

တိုက်ခန်းအား ဝယ်ယူနိုင်ရန် တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို စတင်ပေးသွင်းရမည် ဖြစ်ပြီး ဝယ်ယူသူ၏ လစဉ်ဝင်ငွေမှ သုံးပုံတစ်ပုံကို လစဉ်ပေးသွင်းရမည် ဖြစ်ကာ ဝယ်ယူမည့်သူအနေဖြင့် အနည်းဆုံး လစဉ် ၅ သိန်းဝင်ငွေ ရှိသူဖြစ်ရန်လည်း လိုအပ်သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ် ညွှန်ကြားရေးမှူး ဦးရွှေဝင်းက ပြောသည်။

“ အဓိက တွက်ချထားတာကတော့ တစ်နှစ်မှာ ဘဏ်တိုးက ၁၂ ရာခိုင်နှုန်းဖြတ်ပါတယ်။ ဒီလိုတွေမှာ လစဉ်လစဉ်သွင်းဖို့ အတွက် သူ့ဝင်ငွေရဲ့ ၃ပုံ ၁ ပုံကို သုံးနိုင်မှ ဒီအိမ်ရာကို ဝယ်လို့ရမှာဖြစ်ပါတယ်။ လျှောက်ထားတဲ့လူအပါအဝင် သူ့မှာမိသားစု ရှိမယ်။ သားသမီးတွေရှိမယ်။ ၁၅၀ ဆိုရင် အနည်းဆုံး သူတို့ရဲ့ဝင်ငွေ အားလုံးပေါင်းလိုက်ရင် တစ်လဝင်ငွေ ၅ သိန်းရှိရပါမယ်။ သူက ၁သိန်းခွဲပဲ သွင်းရမှာပါ။ ၂၂၀ ဆိုရင်တော့ အနည်းဆုံးသူ့လစာဝင်ငွေက ရသိန်းခွဲလောက်ပေါ့။”

တိုက်ခန်းများကို အရစ်ကျစနစ်အပြင် လက်ငင်းပေးဝယ်နိုင်သလို ဘဏ်ချေးငွေစနစ်ဖြင့်လည်း ရောင်းချသွားမည် ဖြစ်သည့် အဆိုပါ တန်ဖိုးနည်းတိုက်ခန်းများကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဘတ်ဂျက်ငွေ ကျပ် ၁ ဒဿမ ၅ ဘီလီယံခန့် အကုန်ကျခန့်ကာ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly