အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အီရန်၊ အီရတ်၊ တရုတ်တို့နှင့် မြန်မာအသင်း တစ်အုပ်စုတည်း ကျရောက်

အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် အီရန်၊ အီရတ်၊ တရုတ်တို့နှင့် မြန်မာအသင်း တစ်အုပ်စုတည်း ကျရောက်

 

ဒီဇင်ဘာ ၁၂၊ တရုတ်တိုင်ပေ ။                  ။ ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲအခမ်းအနားကို တရုတ်တိုင်ပေတွင် ကျင်းပပြုလုပ်ခဲ့ရာ မြန်မာအသင်းမှာ အီရန်၊ အီရတ်၊ တရုတ်အသင်းများနှင့် အုပ်စု(ဂ) တွင်တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

မြန်မာနှင့်အတူ တစ်အုပ်စုတည်းကျရောက်နေသည့် အီရန်အသင်းမှာ အာရှနံပါတ်တစ်အသင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်ပြိုင်ပွဲက ဗိုလ်စွဲထားသည့်အသင်းဖြစ်သည်။ အီရတ်အသင်းမှာ အာရှအဆင့်(၁၀)တွင် ရပ်တည်နေပြီး တရုတ်အသင်းမှာ မြန်မာအသင်း၏အောက် အာရှအဆင့်(၁၆)တွင် ရပ်တည်နေသည့်အသင်းဖြစ်သည်။

မြန်မာအသင်းမှာ ၂၀၁၇ အာဆီယံဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲတွင် တတိယနေရာရခဲ့သောကြောင့် ၂၀၁၈ အာရှဖူဆယ်ချန်ပီယံရှစ် ပြိုင်ပွဲသို့ ၀င်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ မြန်မာဖူဆယ်အသင်းနေဖြင့် အာရှအဆင့်ပြိုင်ပွဲကို ပထမဆုံး ၀င်ခွင့်ရခဲ့ခြင်းလည်း ဖြစ်သည်။

၁၄ ကြိမ်မြောက် အာရှဖူဆယ်ချန်ပီယံရှစ်ပြိုင်ပွဲကို တရုတ်တိုင်ပေနိုင်ငံတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ၂၀၁၈ ဖေဖော်ဝါရီ ၆ ရက်မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

ကျန်အုပ်စုများတွင် အုပ်စု(က)၌ အိမ်ရှင်တရုတ်တိုင်ပေ၊ ဗီယက်နမ်၊ မလေးရှား၊ ဘာရိန်း၊ အုပ်စု(ခ)တွင် ဥဇဘတ်ကစ္စတန်၊ ဂျပန်၊ တာဂျစ်ကစ္စတန်၊ တောင်ကိုရီးယား၊ အုပ်စု(ဃ)တွင် ထိုင်း၊ ကာဂျစ်စတန်၊ လက်ဘနွန်၊ ဂျော်ဒန်အသင်းတို့ ကျရောက်လျက်ရှိသည်။

မြန်မာအသင်းမှာ အုပ်စုကျပ်အတွင်း ကျရောက်နေသောကြောင့် ရုန်းကန်ရဖွယ်ရှိနေသည်။ အုပ်စုအဆင့်မှ တက်ရောက်နိုင်ပါက အုပ်စု(ဃ)မှ အသင်းများနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။

မြန်မာဖူဆယ်အသင်းသည် ကစားသမား(၂၀)ဦးဖြင့် လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိပြီး တရုတ်နိုင်ငံသို့ ခြေစမ်းပွဲခရီးစဉ်သွားရောက်မည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly