ဥရောပနိုင်ငံများ၏ သံရုံးများကို ဂျေရုစလမ်မြို့သို့ ရွှေ့ပြောင်းရန် အစ္စရေးဝန်ကြီးတိုက်တွန်း

ဥရောပနိုင်ငံများ၏ သံရုံးများကို ဂျေရုစလမ်မြို့သို့ ရွှေ့ပြောင်းရန် အစ္စရေးဝန်ကြီးတိုက်တွန်း

ဘရက်ဆဲလ်၊ ဒီဇင်ဘာ ၁၂ ။             ။ ဥရောပနိုင်ငံများအနေနှင့် အမေရိကန်တို့၏လမ်းစဉ်ကိုလိုက်ကာ ဂျေရုစလမ်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော် အဖြစ် အသိအမှတ်ပြုသည့်အနေဖြင့် ၄င်းတို့၏သံရုံးများကို တယ်လ်အဗီမြို့မှ ပါလက်စတိုင်းနှင့်အစ္စရေးတို့ နှစ်ဖက်စလုံးက မြင့်မြတ်သောမြို့တော်ဟုသတ်မှတ်ထားသော ဂျေရုစလမ်မြို့သို့ ပြောင်းရွှေ့ပေးရန် အစ္စရေး ၀န်ကြီးက တနင်္လာနေ့၌ တိုက်တွန်းပြောဆိုခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးပေါ်လစီအကြီးအကဲ ဖက်ဒရီကာမော့ဂ်ဟာ ရီနီနှင့်အတူ ပြုလုပ်ခဲ့သောသတင်းစာရှင်းလင်းပွဲ၌ ယခုလိုအကျဉ်းချံုး၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဂျေရုစလမ်မြို့ကို အစ္စရေးရဲ့မြို့တော်အဖြစ် အသိအမှတ်ပြုတဲ့အနေနဲ့ ဥရောပနိုင်ငံအားလုံး သို့မဟုတ် အများ စုဟာ သူတို့ရဲ့သံရုံးတွေကို ဂျေရုစလမ်မြို့သို့ ပြောင်းရွှေ့မယ်လို့ ကျနော်ယုံကြည်ပါတယ်” ဟု အသက် ၆၈ နှစ် အရွယ်ရှိ အစ္စရေးဝန်ကြီးချုပ်က ပြောဆိုခဲ့ပြီး သူတို့၏လုပ်ရပ်သည် အစ္စရေးနှင့် ပါလက်စတိုင်းအသိုင်းအဝိုင်း ကြားရှိ ငြိမ်းချမ်းရေးကို အကာကွယ်ပေးမည့် ခြေလှမ်းတစ်ရပ်ဖြစ်သည်ဟု အခိုင်အမာပြောကြားခဲ့သည်။

“ဂျေရုစလမ်ဟာ အစ္စရေးတို့ရဲ့မြို့တော်ပါ။ ဒါကိုဘယ်သူမှ ငြင်းပယ်လို့မရပါဘူး” ဟု နေတန်ယာဟုက ပြောခဲ့ ပြီး “ ဒါဟာ ငြိမ်းချမ်းရေးကို ဖယ်ရှားတာမဟုတ်ပါဘူး။ ဒါဟာ ငြိမ်းချမ်းရေးကို ဖော်ဆောင်တာဖြစ်ပါတယ်” ဟု ထပ်လောင်းပြောကြားခဲ့သည်။

သို့သော်လည်း မော့ဂ်ဟာရီနီက ဂျေရုစလမ်မြို့ကို အစ္စရေးနှင့်ပါလက်စတိုင်း နှစ်နိုင်ငံက မျှဝေရမည်ဆိုသော ဥရောပသမဂ္ဂ၏ စွဲမြဲသောခံယူချက်ကို နေတန်ယာဟုအား ကြိုဆိုမိန့်ခွန်းပြောကြားစဉ်၌ ထပ်လောင်းပြောဆိုခဲ့ ပြီး ဂျေရုစလမ်အရေးကို နှစ်နိုင်ငံကပူးပေါင်းအဖြေရှာသွားရန် ထောက်ခံပေးမည်ဟု ပြောကြားခဲ့သည်။

ဒါ့အပြင် ဂျေရုစလမ်အရေးသည် လက်ရှိအချိန်တွင် ဒေသတွင်းနှင့် ကမ္ဘာတစ်ဝန်း၌ တင်းမာမှုများပေါ်ပေါက်လာ ပြီး အဆိုးရွားဆုံးသော အကြမ်းဖက်မှုများဖြစ်ပွားလာနိုင်ကြောင်း သူမက ပြောကြားခဲ့သည်။

ပြီးခဲ့သောဗုဒ္ဓဟူးနေ့က ဒေါ်နယ်ထရမ့်သည် ဂျေရုစလမ်မြို့အား အစ္စရေးနိုင်ငံ၏မြို့တော်အဖြစ် အသိအမှတ် ပြုသည့်အနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတကာသံရုံးအားလုံး ရုံးစိုက်ရာ တယ်လ်အဗီမြို့မှ အမေရိကန်သံရုံး အား ဂျေရုစလမ်းမြို့သို့ရွှေ့မည်ဟု ကြေညာခဲ့သည်။

မြင့်မြတ်သောမြို့တော် ဂျေရုစလမ်အား အစ္စရေး၏မြို့တော်အဖြစ် အသိအမှတ်ပြုသည့် သမ္မတဒေါ်နယ်ထရမ့် ၏ ဆုံးဖြတ်ချက်ကို နိုင်ငံတကာနှင့်အာရပ်အသိုင်းအဝိုင်းက ဝေဖန်နေကြပြီး ဒေသတွင်း၌ တင်းမာမှုများမြင့် တက်လာနေချိန်၍ နေတန်ယာဟုသည် ဥရောပသမဂ္ဂအကြီးအကဲများနှင့် လာရောက်တွေ့ဆုံခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly