ဒုံးကျည်ခြေရာကောက် စစ်ရေးလေ့ကျင့်မှုက ရန်ဘေးနှင့် ထိပ်တိုက်တွေ့ခြင်းများ သံသရာထဲ ဆွဲနှစ်လိမ့်မည်ဟု တရုတ်ပြော

ဒုံးကျည်ခြေရာကောက် စစ်ရေးလေ့ကျင့်မှုက ရန်ဘေးနှင့် ထိပ်တိုက်တွေ့ခြင်းများ သံသရာထဲ ဆွဲနှစ်လိမ့်မည်ဟု တရုတ်ပြော

ပေကျင်း၊ ဒီဇင်ဘာ ၁၁ ။              ။ တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့၏ ဒုံးကျည် ခြေရာကောက် ပူးပေါင်းစစ်ရေးလေ့ကျင့်မှုသည် ကိုရီးယားကျွန်းဆွယ်အား ရန်ဘေးနှင့် ထိပ်တိုက်တွေ့မှုများ သံသရာထဲ ဆွဲနှစ်လိမ့်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောလိုက်သည်။

ကိုရီးယားကျွန်းဆွယ်နှင့် ဂျပန်အနီး ဒီဇင်ဘာ ၁၁ ရက်တွင် ထို သုံးနိုင်ငံက နှစ်ရက်ကြာ အဆိုပါ စစ်ရေးလေ့ကျင့်မှုကို စတင်ခြင်းဖြစ်ကာ မြောက်ကိုရီးယား၏ ဒုံးကျည်ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး ရည်ရွယ်သည်။

“ဒါဟာ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို အကူအညီမဖြစ်ဘူး။ ပဋိပက္ခ မီးပွားတွေ လွင့်စင်မှာ ဒါမှမဟုတ် ကျွန်းဆွယ်မှာ စစ်ပွဲနဲ့ ဝရုန်းသုန်းကားအခြေအနေတွေကို မီးထိုးပေးတာမျိုးပဲ ဖြစ်မယ်။ ဘယ်ဖက်အတွက်မှ အကျိုးမရှိဘူး။”ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လုကန်က ပြောသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ နေ့စဉ်သတင်းထုတ်ပြန်မှုတွင် လုကန်က ထိုကဲ့သို့ ပြောဆိုခဲ့သည့်အပြင် တရုတ်ထောက်လှမ်းရေး အေဂျင်စီက လွှတ်တော်အမတ်များနှင့် အခြားတာဝန်ရှိသူများကို သတင်းရင်းမြစ်များအဖြစ် ပျိုးထောင်မွေးမြူသည့် လူမှုကွန်ရက်များကို အသုံးချနေကြောင်း စွပ်စွဲပြောဆိုမှုကိုလည်း တုံ့ပြန်ခဲ့သည်။

“သက်ဆိုင်ရာ အာဏာပိုင်တွေ၊ အထူးသဖြင့် ဂျာမနီ အစိုးရပေါ့။ ထုတ်ဖော်ပြောဆိုကြရာမှာ တာဝန်ယူမှုရှိရှိ ပြောဆိုတာ၊ တရုတ်နဲ့ ဂျာမနီရဲ့ ဆက်ဆံရေးကို ယိုင်နဲ့စေမယ့်အစား ပိုမိုတာဝန်ခံမှု ရှိတာမျိုးကို ကျွန်တော်တို့ မျှော်လင့်ပါတယ်။”ဟု လုက ပြောဆိုသည်။

ထိုပြင် အမေရိကန်စစ်သင်္ဘော ထိုင်ဝမ်ကျွန်းသို့ သွားရောက်ခဲ့ပါက ထိုင်ဝမ်ကို ကျူးနင်းဝင်ရောက်ရမှာပဲ ဖြစ်သည်ဟု  တရုတ်ထိပ်တန်းသံတမန်တစ်ဦး၏ ထိုင်ဝမ်အရေး ပြောဆိုထားမှုနှင့် ပတ်သက်ပြီး မေးမြန်းရာတွင်လည်း လုကန်က ထိုင်ဝမ်နှင့် ပတ်သက်ပြီး တရုတ်၏ ခိုင်မာစွာ ရပ်တည်ထားသော ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်မှုနှင့် တစ်နိုင်ငံ စနစ်နှစ်ရပ် မူဘောင်ကို အလေးအနက်ထား ထပ်လောင်းပြောကြားသွားခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly