စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေးအစီအစဉ် တတိယအဖွဲ့ မကြာမီ စစ်တွေသို့ သွားရောက်မည်

စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေးအစီအစဉ် တတိယအဖွဲ့ မကြာမီ စစ်တွေသို့ သွားရောက်မည်
ဓာတ်ပုံ- UEHRD

 

ဒီဇင်ဘာ ၁၁ ။                 ။ Youth Volunteers Program စေတနာ့ဝန်ထမ်း လူငယ်များ လုပ်အားပေးအစီအစဉ် တတိယအဖွဲ့ကို လာမည့် ဒီဇင်ဘာလ ၁၆ ရက်တွေ စတင်မည် ဖြစ်ပြီး စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော ခရီးစဉ် ဖြစ်သည်။

ဒီဇင်ဘာလ ၂၀ ရက်တွင် လူငယ်စေတနာ့ဝန်ထမ်းအဖွဲ့ စစ်တွေမြို့သို့ သွားရောက်မည်ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်မှ ဇန်နဝါရီလ ၄ ရက် အထိ ကြာမြင့်မည့် ခရီးစဉ်ဖြစ်သည်။

အဆိုပါ တတိယအဖွဲ့တွင် ပါဝင်ခွင့်ရရှိသူများအား မကြာမီ အကြောင်းကြားမည်ဖြစ်ကာ Online လျှောက်လွှာ ပို့ထားပြီး သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး/ခရိုင် လူမှုဝန်ထမ်းရုံးများသို့ လူကိုယ်တိုင် သတင်းပို့ထားရန် လိုအပ်ပါသည်ဟု UEHRD မှ ထုတ်ပြန်ထားသည်။

လက်ရှိ လူငယ် ဒုတိယအဖွဲ့သည် လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပ့ံများ ပေးရန် အတွက် မောင်တောမြို့နယ်၊ ကြက်ရိုးပြင်ကျေးရွာအုပ်စုမှ ကြက်ရိုးပြင်(ရွာမ)၊ လူဖမ်းပြင်၊ ကျွဲတမရွာ၊ ကြက်ရိုးပြင် (တောင်) ရွာများ၊ မောင်တောမှ အင်းဒင် ၊ပဲရုံ နှင့် ဘူးသီးတောင်မှာ ဆင်စွယ်ရ၊ လောင်ချောင်း၊ ကုန်တန်းရွာများ နှင့် ဘူးသီးတောင်မြို့နယ်၊ အလယ်ချောင်းအုပ်စုမှလသာ၊ ဒေလီ ရွာတို့ကို သွားရောက်၍ စာရင်းကောက်ကာ ရပ်ရွာအရောက်ပေးပို့ခဲ့ကြသည်ဟု UEHRD မှ ထုတ်ပြန်ထားသည်။

လူသားချင်းစာနာထောက်ထားမှု အကူအညီအထောက်အပ့ံများ ပေးအပ်ခြင်း၊ အိမ်ထောင်စုစာရင်း ကောက်ယူခြင်းများ၊ အစားအသောက် ပေးဝေခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး တစ်ဖွဲ့လျှင် ရက် ၂၀ ဖြင့် မြန်မာနိုင်ငံဒေသအသီးသီးမှ အသက် ၁၈ နှစ်နှင့် ၃၅ နှစ်ကြား စေတနာ့ဝန်ထမ်းလူငယ် လိုက်ပါဆောင်ရွက်ကြ ခြင်း ဖြစ်သည်။

ရခိုင်​ပြည်​နယ်​အတွင်​း​ဆောင်​ရွက်​မည်​့ “ပြည်​သူ့အတွက်​ လူငယ်​ ရက်​၂၀” အစီအစဉ်​အား နိုဝင်ဘာလ ၉ ရက်တွင် စတင်လုပ်ဆောင်ခဲ့ပြီး စေတနာ့ ၀န်ထမ်း လူငယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ဖိတ်ခေါ်ထားခြင်းဖြစ်သည်။

ရခိုင်​ပြည်​နယ်​အတွင်​း၊လူသားချင်​းစာနာ​ထောက်​ထားမှု အကူအညီ​အ​ထောက်​အပံ့ပေး​ရေး၊ ပြန်​လည်​​နေရာချထား​ရေး၊ ဖွံဖြိုး​ရေးစီမံကိန်​း(UEHRD) တွင် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ဒုဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ အဓိက ဆောင်ရွက်နေသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly