ငယ်ငယ်က ရုပ်ရှင်ရိုက်ဖို့ပဲပူဆာခဲ့တဲ့ အိစိကွေး

By YOPE
11 December 2017
ငယ်ငယ်က ရုပ်ရှင်ရိုက်ဖို့ပဲပူဆာခဲ့တဲ့ အိစိကွေး

YOPE Redchair ပရိသတ်များအားလုံးမင်္ဂလာပါရှင်။ ဒီတစ်ပတ် YopeRedchair အစီအစဉ်မှာတွေ့ရမယ့် သူကတော့ ငယ်ငယ်လေးကတည်းက ပရိသတ်နဲ့ ရင်းနှီးမှု ရရှိပြီးသားသူ၊ အဆိုရောသရုပ်ဆောင်ပါ ကောင်းတဲ့ ကလေးသရုပ်ဆောင် အိစိကွေး ဖြစ်ပါတယ်။

ကိုယ်တိုင်ရွေးချယ်မှု ရှိတဲ့ ကလေးဘဝကတည်းကသရုပ်ဆောင် အလုပ်ကိုရွေးချယ်ခဲ့တာမိဘတွေရဲ့ တွန်းအားပေးမှုကြောင့်လား။

ကျွန်တော်ကငယ်ငယ်လေးကတည်းကသိတတ်စအရွယ်ကတည်းက ရုပ်ရှင်ရိုက်ချင်တဲ့ ဆန္ဒတွေ ရှိတာ။ မုန့်စားချင်တယ်ဆိုပြီးပူဆာတာမျိုးမဟုတ်ဘဲနဲ့ ရုပ်ရှင်ရိုက်ချင်တယ်ဆိုပြီးပူဆာတာ။ အဲဒါကြောင့်မို့ အမေတို့ကလည်းပထမတော့ မယုံကြဘူးပေါ့လေ။ ဒါပေမယ့် အရမ်းလုပ်ချင်တယ်ပြောတော့ အဲဒါဆိုလည်းလုပ်ဆိုပြီးအဖွဲ့တစ်ဖွဲ့ထဲထည့်ပေးလိုက်တော့ ရိုက်ဖြစ်သွားတာပေါ့။

မြန်မာနိုင်ငံမှာမိဘတွေကသားသမီးတွေအပေါ်ကိုလွှမ်းမိုးခြယ်လှယ်တာမျိုးတွေရှိတယ်။ မောင်လေးရဲ့ မိသားစုပုံစံကရော။

အဲဒီလိုမျိုးတော့ မရှိပါဘူး မိဘတိုင်းကသားသမီးတွေကိုကောင်းစေချင်လို့ ပြောတာတွေ ကြီးပါပဲ။ ဒါပေမယ့် တစ်ချို့ ကိစ္စတွေ ကြတော့လည်းကိုယ်ကဘာလုပ်ချင်တယ်။ သူတို့ကလည်းဘာလိုချင်တယ် အဲဒီနှစ်ခုကိုညှိအောင် လုပ်မယ်ဆိုရင်တော့ ပြဿနာအကြီးကြီးတက်ဖို့ဆိုတာမရှိပါဘူး။ အမေနဲ့ကလည်းငယ်ငယ်လေးကတည်းကအမေလိုပေါင်းတယ်။ သူငယ်ချင်းလိုပေါင်းတယ်။ ဘာလုပ်ချင်တယ်။ ဘာဖြစ်ချင်တယ်ဆိုရင် တစ်ခါတည်းပြောပြတယ်။ သူကလည်းအကြံဉာဏ်ပေးတယ်။ သားဘာလုပ်ချင်တယ်။ အဲဒီလိုမျိုးဆိုတော့ ပြဿနာအဲဒီလိုမရှိပါဘူး။

သာမန်လူငယ်တစ်ယောက်ရဲ့ ဘဝကိုစွန့်လွှတ်ပြီးတော့ သရုပ်ဆောင်လူငယ်ဘဝနဲ့ ဖြတ်သန်းရတာကတကယ်ကိုပျော်ရွင်မှု ရှိရဲ့လား။

ကိုယ်ဝါသနာပါတာကိုယ်လုပ်ရတဲ့အတွက် ပျော်ပါတယ်။ ဒါပေမယ့် တစ်ခါတလေကျတော့လည်းစိတ်ညစ်ရတယ်။ အရာရာတိုင်းကတော့ အကောင်းရှိသလိုအဆိုးလည်းရှိတယ်လေ။ ကိုယ်ဘယ်လောက်ပဲဒီလိုမျိုး ရိုက်ပြီးတော့ သာမန်လူတွေလိုလွတ်လွတ်လပ်လပ် မနေရတဲ့ အခါကျတော့ တစ်ခါတလေကျရင်လည်းစိတ်ညစ်ရတာပေါ့။ ငယ်ငယ်တုန်းကဆိုရင် လွတ်လပ်ရေးနေ့တောင် ထွက်ပြီးမကစားရတာရှိတယ်။ အိမ်မှာအမြဲတစ်နေကုန်နေတယ်။ အလုပ်လေးရှိမှ ထွက်လုပ်လိုက်တယ်။ အရမ်းလွတ်လွတ်လပ်လပ်တော့ ငယ်ငယ်တုန်းကမနေခဲ့ရဘူးပေါ့။

အိစိကွေးမဖြစ်ခင် အချိန်ကလွတ်လွတ်လပ်လပ် ပျော်ခဲ့ရတဲ့ အချိန်လေးရှိရင် ပြောပြပေးပါ။

လေးနှစ်ခွဲမှာအနုပညာအလုပ်ကိုစလုပ်တာဆိုတော့ ကြားတဲ့ကအချိန်က ကျွန်တော်လည်းသေချာမမှတ်မိတော့ဘူး။ ကျောင်းသွားတဲ့ အချိန်လေးတော့ ငိုရတာလေးအမြဲမှတ်မိတယ်။ ဘာလို့လဲဆိုတော့ ငယ်ကတည်းက ကျွန်တော်ကအရမ်းအငိုသန်တာ။ အမေကမူကြိုကျောင်းကားပေါ်တင်ပြီးတာ့တာ ပြလိုက်ပြီဆိုရင် ဘာမှ မသိဘူးငိုပြီ။ အဲဒါ ကျောင်းရောက်တဲ့အထိငိုတာ။ မူကြို စတက်ကတည်းကမူကြိုပြီးတဲ့အထိမနက်တိုင်းနေ့တိုင်းငိုရတယ်။ အဲဒါတော့ အမှတ်တရပေါ့။

မြန်မာနိုင်ငံမှာကလေးသရုပ်ဆောင်တွေရဲ့ ကာရိုက်တာကတစ်ပုံစံတည်းသွားတာတွေ့ရတယ်။ ဥပမာဆိုရင် ငိုရတဲ့အခန်းဆိုရင် လုံးဝငိုနေရတယ်။ ရယ်ရတဲ့ အခန်းဆိုလည်းလုံးဝရယ်နေရတယ်။ အဲဒီလိုတစ်ခြားတစ်ခြားရဲ့ ကာရိုက်တာတွေကဘာကြောင့် ရိုက်ခွင့်မရတာလဲ။ အဲဒီလို ရိုက်ခွင့်မရတာက ဒါရိုက်တာရဲ့ ရွေးချယ်မှုကြောင့်လား။ ကလေးသရုပ်ဆောင်တွေရဲ့ အားနည်းမှုကြောင့်လား။

ဒါကြတော့ အားလုံးနဲ့ ဆက်စပ်နေတယ်ဗျ။ အခုနောက်ပိုင်းကျတော့ အရမ်းလည်းပွင့်လင်းလာပြီ ရိုက်တာတွေကလည်းအရင်နဲ့ မတူတော့ဘူးပေါ့လေ။ အရင်ကကျတော့ မင်းသားမင်းသမီးတွေပဲဦးစားပေး ရိုက်ကြတဲ့ ခေတ်မျိုးပဲရှိတယ်လေ။ ကလေးသရုပ်ဆောင်တွေ ဘာတွေကအဲဒီလောက်ကြီးမလိုအပ်ဘူးဗျ။ တော်ရုံလောက်ပဲသရုပ်ဆောင်ကြတယ်။ ငိုတယ်။ ရယ်တယ်။ အပျော်လေးတွေ ဒီလောက်ပဲ။ ဒါပေမယ့် အခုနောက်ပိုင်းကြတော့ ဇာတ်အိမ်ကိုလည်းကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် လုပ်လာကြတယ်။ သရုပ်ဆောင်တွေကလည်းမင်းသားမင်းသမီးမှ မဟုတ်ဘူး။ သူတို့ရဲ့ ကာရိုက်တာတစ်နေရာမှာပီပြင်အောင် သရုပ်ဆောင်ကြတယ်။ ပြီးတော့ မင်းသားမင်းသမီးကိုအကောင်းဆုံးပ့ံပိုးပေးကြတယ်။ အခုနောက်ပိုင်းမှာတော့ လုပ်ခွင့်မရတာမျိုးမရှိတော့ပါဘူး။ တစ်ဖြေးဖြေးနဲ့တော့ ကာရိုက်တာမျိုးစုံလုပ်လာကြပါပြီ။    ။

Mizzima Weekly