မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားရဲ့ စံချိန်ကို လိုက်မီသွားတဲ့ ဂီရော့ဒ်

မန်ယူတိုက်စစ်မှူးဟောင်း ဆိုးလ်ရှားရဲ့ စံချိန်ကို လိုက်မီသွားတဲ့ ဂီရော့ဒ်

 

ဒီဇင်ဘာ ၁၁၊ အင်္ဂလန်  ။                              ။ ဆောက်သမ်တန်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ အာဆင်နယ်အသင်းအတွက် လူစားဝင်လာပြီး ချေပဂိုးသွင်းပေးခဲ့တဲ့ ဂီရော့ဒ်ဟာ မန်ယူတိုက်စစ်မှူးဟောင်း အိုလီဂန်နာဆိုးလ်ရှားရဲ့ စံချိန်ကို လိုက်မီသွားခဲ့ပါတယ်။

ဂီရော့ဒ်ရဲ့ခေါင်းတိုက်သွင်းဂိုးဟာ အာဆင်နယ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၁၇ ကြိမ်မြောက်သွင်းယူနိုင်တဲ့ဂိုးဖြစ်ပါတယ်။ ဒါကြောင့် ဂီရော့ဒ်ဟာ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းတည်းအတွက် လူစားဝင်ကစားသမားအဖြစ် ဂိုးအများဆုံးသွင်းထားတဲ့ ဆိုးလ်ရှားရဲ့ စံချိန်ကို လိုက်မီသွားပါတယ်။ နော်ဝေတိုက်စစ်မှူးဆိုးလ်ရှားဟာ မန်ယူအသင်းမှာ ကစားခဲ့တဲ့ ကာလအတွင်း လူစားဝင်ကစားသမားအဖြစ် ၁၇ ဂိုးသွင်းခဲ့တာပါ။

ပရီးမီးယားလိဂ်မှာ လူစားဝင်ကစားပြီး ဂိုးအများဆုံးသွင်းထားနိုင်တဲ့ကစားသမားကတော့ အင်္ဂလန်တိုက်စစ်မှူးဂျာမိန်းဒီဖိုးပါပဲ။ ဒီဖိုးဟာ ၀က်စ်ဟမ်း၊ စပါး၊ ပို့စ်မောက်၊ ဆန်းဒါးလန်းအသင်းတွေမှာ ကစားခဲ့ပြီး လက်ရှိဘုန်းမောက်အသင်းမှာ ကစားလျက်ရှိပါတယ်။ သူ့ရဲ့ ကစားသမားဘဝ ၁၈ နှစ်တာကာလအတွင်း လူစားဝင်ပြီး ၂၃ ဂိုးသွင်းယူထားပါတယ်။

ဂီရော့ဒ်ဟာ အခုနှစ်ရာသီမှာ အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ လူစားဝင်ပြီး ၄ ဂိုးသွင်းယူထားပါတယ်။ နည်းပြအာစင်ဝင်းဂါးက လာကာဇက်တီကို ဦးစားပေး အသုံးပြုလျက် ရှိနေတာကြောင့် ဆောင်းရာသီအပြောင်းအရွှေ့ ကာလမှာ အာဆင်နယ်ကနေ ဂီရော့ဒ်ထွက်ခွာဖွယ်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly