မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်သို့ သွားရောက်စစ်ဆေးနေ

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် ရခိုင်ပြည်နယ်သို့ သွားရောက်စစ်ဆေးနေ
ဓာတ်ပုံ-EPA
 

ရန်ကုန် ၊ ဒီဇင်ဘာ ၁၁ ။            ။ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင်အဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်အတွင်းက လူ့အခွင့်အရေး အခြေအနေများကို လေ့လာရန် ရောက်ရှိနေခြင်းဖြစ်ပြီး ဒီဇင်ဘာ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ၆ ရက်ကြာ လေ့လာသွားမည် ဖြစ်သည်ဟု ကော်မရှင် အဖွဲ့ဝင် ဦးယုလွင်အောင် က မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

"မနေ့က ရောက်ပါတယ်၊ အခု စစ်တွေမှာပါ။ စစ်တွေထောင်ထဲမှာ ရောက်နေစစ်ဆေးလေ့လာနေပါတယ်။ မနက်ဖြန်တော့ မောင်တောသွားပါမယ်" ဟု ဦးယုလွင်အောင်က ဆိုသည်။

ကော်မရှင်အနေဖြင့် ခရီးစဉ်အတွင်းမှ တွေ့ရှိချက်များကို အစီရင်ခံစာ ရေးသားပြီး ပြည်ထဲရေးဝန်ကြီးဌာနနှင့် နိုင်ငံတော်သမ္မတရုံးထံ ပေးပို့သွားမည်ဟု သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် မောင်တော ဒေသသို့ သွားရောက်ပြီး အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအား လေ့လာကာ အကြံပြုချက်များ ထုတ်ပြန်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း၌ ဟိန္ဒူဘာသာဝင်များ သတ်ဖြတ်ခံရသည့် နေရာကို သွားရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်မည့်သူများအား တွေ့ဆုံခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ နှင့် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်လေးတို့ အား ရခိုင်ပြည်နယ် အရေးကိစ္စများနှင့် ပတ်သက်ပြီး အစိုးရက ဖွဲ့စည်းထားသည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ ၏ အကြံပေးအဖွဲ့ဝင်အဖြစ် တာဝန်ပေးထားသည်။

ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေသည်ဟု နိုင်ငံတကာအသိုင်းအဝိုင်းက စွပ်စွဲထားသော်လည်း တပ်မတော်ဘက်မှ လူ့အခွင့်အရေး ချိုးဖောက်မှုများမရှိဟု တုံ့ပြန်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly