ရခိုင်ရိုးမတောင်ပေါ်က ဘိန်းခင်း ၅၃ ဧကကို ဖျက်ဆီး

ရခိုင်ရိုးမတောင်ပေါ်က ဘိန်းခင်း ၅၃ ဧကကို ဖျက်ဆီး

စစ်တွေ၊ ဒီဇင်ဘာ ၁၀ ရက်။        ။ ရခိုင်ရိုးမတောင်တန်းပေါ်တွင် စိုက်ပျိုးထားသည့် ဘိန်းခင်း ၅၃ ဧကကို ဒီဇင်ဘာလ ၄ ရက်နေ့မှ ယနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အတွင်း ရှာဖွေ ဖျက်ဆီးနိုင်ခဲ့သည်။

ဖျက်ဆီးနိုင်ခဲ့သည့် ဘိန်းခင်း ၅၃ ဧက မှာ ရခိုင်ရိုးမတောင်ပေါ်နှင့် ထိစပ်နေသော နတ်ရေကန်တောင်ဒေသတွင် တည်ရှိပြီး မကွေးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားသည့် မင်းဘူး- အမ်းကားလမ်းကြားလမ်းလည်း ဖြစ်သည်။

 “ကျနော်တို့ သတင်းစုံစမ်းပြီး ရရှိလာတဲ့ အချက်အလက်တွေကို စိစစ်ပြီးမှာ သွားရောက်ရှာဖွေ ဖျက်ဆီးတာပါ။ စိုက်ခင်းပိုင်ရှင််နဲ့ လုပ်သားတွေကိုတော့ ဖမ်းဆီးမိတာတွေတော့ မရှိပါဘူး။ အရေးယူတာတွေလုပ်ဖို့ကျတော့ ကျနော်တို့အဆင့်နဲ့ လုပ်လို့မရပါဘူး။ နှစ်တိုင်းနှစ်တိုင်းကတော့ ဒီတိုင်းပါပဲ။ ရှာဖွေတယ်။ ဖျက်ဆီးတယ်ပေါ့။ လူတွေကလည်း အရောက်အပေါက်နည်း။   တောထဲမှာဆိုတော့” ဟု ဂုတ်ကြီးရဲကင်းစခန်းမှူး ရဲအုပ် ကျော်မျိုးက RiA သို့ ပြောသည်။

အဆိုပါဒေသတွင် ဘိန်းခင်း စိုက်ဧက ၂၀၀ ထက်မနည်း ရှိနိုင်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး ဖျက်ဆီးနိုင်မှုမှာ ယခင် ၂၀၁၆ ခုနှစ်က ၂၀ ဧက နှင့် ယခုနှစ်တွင် ၅၃ ဧကမျှသာ ရှာဖွေ ဖျက်ဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။

“ ကျနော်တို့ ဖျက်ဆီးတယ်ဆိုတာက ထပ်မစိုက်အောင်ပါ။ သူတို့ကို နစ်နာစေလိုတဲ့ သဘောမျိုးတော့ မဟုတ်ပါဘူး။ ပြီးရင် စိုက်တယ်ဆိုတာကလည်း ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးဆယ်လောက် ကတည်းက စိုက်လာကြတာ။ တဖြည်းဖြည်းနဲ့ ပြန့်လာတဲ့ သဘောပေါ့” ဟု ရဲအုပ်ကျော်မျိုးက ဆိုသည်။

ဘိန်းစိုက်ပျိုးထုတ်လုပ်မှုသည် မြန်မာနိုင်ငံတွင်း ယခင်က ရှမ်းပြည်နယ်ဒေသ တစ်ဝိုက်တွင်သာ တွေ့ရခြင်းဖြစ်သော်လည်း ယခုအချိန်တွင် Free Burma Rangers အဖွဲ့၏ အစီရင်ခံစာအရ ချင်းတောင်တန်းဒေသများတွင် စိုက်ပျိုးလာသည်ဟု ဖေါ်ပြထားသလို ရခိုင်ရိုးမနှင့် မကွေးတောင်တန်းဒေသများဖြစ်သည့် မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းနှင့် အလယ်ဘက်ခြမ်းတွင်ပါ စိုက်ပျိုးလာကြခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly